(သတင်းဆောင်းပါး)
၂၇ နိုဝင်ဘာ ၂၀၂၁
နေရောင်တစ်၀က်ကျနေတဲ့ အညာဒေသက အိမ်ရှေ့ဝဲတဲလေးရဲ့အောက်မှာ ဖြူဖြူသွယ်သွယ်လက်ချောင်းလေးတွေနဲ့ ကလေးစားတဲ့ (၅၀)တန်ဇီးထုတ်လေးတွေကို ထုတ်ပိုးနေသူက
တက္ကသိုလ်ကျောင်းက ကထိက ဆရာမတစ်ယောက်ပါ။
“ လစာမထုတ်ရတာ (၇)လကျော်ပြီလေ။မိသားစုစား၀တ်နေရေးအရ လုပ်ရတာပေါ့” လို့ တက္ကသိုလ်ကထိက ဆရာမက ပြောပါတယ်။ ဖေဖော်ဝါရီ(၁)ရက် စစ်တပ်က အာဏာသိမ်းလိုက်တာကို မကျေနပ်လို့ သူ မြတ်နိုးလွန်းတဲ့ တက္ကသိုလ်ဆရာမဘ၀ကို စွန့်လွှတ်ပြီး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲ၀င်ခဲ့တဲ့ ဆရာမတစ်ယောက်ဖြစ်ပါတယ်။ စစ်တပ်က ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ နိုင်ငံခေါင်းဆောင်တွေကို မတရားဖမ်းဆီးပြီး အာဏာသိမ်းလိုက်တဲ့အခါ ပြည်သူလူထု သိန်း၊သန်းနဲ့ချီပြီး လမ်းပေါ်ထွက် သပိတ်မှောက်ခဲ့တဲ့အထဲမှာ အခု ဇီးထုပ် ထုတ်နေတဲ့ ဆရာမလည်း ပါ၀င်ခဲ့ပါတယ်။
“ သပိတ်တွေတုန်းကလည်း အမြဲပါခဲ့တာပဲ။မတရားတာကို ခေါင်းငုံ့မခံချင်ဘူး။မတရားတာကိုတော့ တရားပါတယ်ဆိုပြီးငြိမ်မနေနိုင်ဘူး” လို့ ဆရာမ ကပြောပါတယ်။ ဆရာမမှာ မိသားစု၀င်(၆)ယောက်ရှိပါတယ်။အသက်(၇၀)၀န်းကျင် အဖေ၊အမေ နဲ့ ညီမ(၂)ယောက်၊မောင်လေး(၁)ယောက် ရှိတာပါ။မိသားစု၀င်အားလုံးက စစ်တပ်ကအာဏာသိမ်းလိုက်တာကို ခါးခါး သီးသီး လက်မခံနိုင်ကြတဲ့ သူတွေဖြစ်ပါတယ်။

“ မှန်တာလုပ်ကြမှပေါ့ဗျာ။မင်းအောင်လှိုင်ကိုယ်တိုင် ပင်စင်ယူရမယ့်အရွယ် မယူဘဲသက်တမ်းတိုးတာတွေဘာတွေလုပ်ပြီး အခု အာဏာပါ သိမ်းလိုက်တာလေ။သမီးက CDM လုပ်မယ်ပြောတာ မတားဘူး။ဘယ်သူမှားမှား ကိုယ်မှန်တဲ့ဘက်ကနေလို့ပဲပြောတာ” လို့ အသက်(၇၀)အရွယ် ပင်စင်စား ဖခင် ကပြောပါတယ်။
ကျွန်မတို့ အခုခက်ခဲနေတာက ခဏတာပါ။ကျွန်မ ခံနိုင်ရည်ရှိတယ်။စစ်အာဏာရှင်စနစ်အမြစ်ပြတ်ခဲ့ရင် ကျွန်မတို့ မျိုးဆက် အဆက်ဆက် ကောင်းစားလာမှာလို့ ယုံကြည်တယ်။အဲ့ဒီအတွက်ခဏတာ ပေးဆပ်မှုကို တောင့်ခံနိုင်ပါတယ်”
တက္ကသိုလ် ကထိက ဆရာမတစ်ဦး
မိသားစု၀င်(၆)ယောက်မှာ ဆရာမ အပါအ၀င် ၀င်ငွေရှိခဲ့သူက (၃)ယောက်ပဲ ရှိပါတယ်။အခုဆရာမက CDM လုပ်တဲ့အပြင်ညီမ တစ်ယောက်ကလည်း နိုင်ငံတွင်း အခြေအနေတွေကြောင့် အလုပ်နားနေရတဲ့အတွက် မိသားစု စား၀တ်နေရေးကြပ်တည်း လာပါတယ်။ကျောင်းမပြီးသေးတဲ့ ညီမတစ်ယောက် နဲ့ မောင်အငယ်ဆုံးလေးက တော့ ကျောင်းမတက်နိုင်ဘဲဖြစ်နေကြတာပါ။
“ ဖေဖေ့ ပင်စင်ရယ်၊မမ လစာရယ် ညီမ၀င်ငွေရယ်နဲ့ မိသားစု ပြေလည်ခဲ့တာပေါ့။ အခု မမ က CDM လုပ်လိုက်တယ်။ ညီမ ကလည်း အလုပ်မဖြစ်ဘူး။အရင်ကတော့ တလ(၂)သိန်းခွဲလောက် ရတာပေါ့။ဖေဖေ့ပင်စင်လေးနဲ့လည်း မစားလောက်တော့ဘူး” လို့ ဆရာမရဲ့ ညီမက ပြောပြပါတယ်။ ဖခင်အငြိမ်းစား ကျောင်းဆရာကြီးရဲ့ ပင်စင် လစာကို မိသားစု(၆)ယောက် မှီခိုပြီးစားနေရတာကြောင့် ကြပ်တည်းလာတဲ့ မိသားစု ရေရှည်ရပ်တည်နိုင်ဖို့အတွက် တက္ကသိုလ်ကထိက ကျောင်းဆရာမဘ၀ ကနေ ကလေးစားတဲ့ ကျပ်(၅၀)တန် ဇီးထုပ်လေးတွေကို နေ့စားထုတ်နေရင်း စစ်အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ တောင့်ခံသွားမယ်လို့ ဆရာမကပြောပါတယ်။
“ ကျွန်မတို့ အခုခက်ခဲနေတာက ခဏတာပါ။ကျွန်မ ခံနိုင်ရည်ရှိတယ်။စစ်အာဏာရှင်စနစ်အမြစ်ပြတ်ခဲ့ရင် ကျွန်မတို့ မျိုးဆက် အဆက်ဆက် ကောင်းစားလာမှာလို့ ယုံကြည်တယ်။အဲ့ဒီအတွက်ခဏတာ ပေးဆပ်မှုကို တောင့်ခံနိုင်ပါတယ်”
BNN