၁၃ သြဂုတ် ၂၀၂၁
ဆူဒန်နိုင်ငံ ဒါဖောဒေသ ပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC က အလိုရှိနေတဲ့ ကာလရှည် အာဏာရှင်ဟောင်း Omar al-Bashir (အသက် ၇၇ နှစ်) ကို ဆူဒန်အစိုးရက လွှဲအပ်ပါတော့မယ်။
ဒါဖောဒေသ ၂၀၀၃ ပဋိပက္ခအတွင်း လူပေါင်းသုံးသိန်း သတ်ဖြတ်ခံရပြီး နှစ်သန်းခွဲ ထွက်ပြေးရွှေ့ပြောင်းခံရတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
“ အိုင်စီစီက အလိုရှိတဲ့ တာဝန်ရှိသူတွေကို လွှဲအပ်ဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ပြီ” လို့ နိုင်ငံခြားရေးဝန်ကြီး Mariam al-Mahdi က ပြောကြောင်း အစိုးရပိုင် SUNA သတင်းဌာနက ကြေညာသွားတာပါ။
ဆူဒန်ကို အိုင်စီစီ ရှေ့နေချုပ် Karim Khan ရောက်နေတုန်း ဒီဆုံးဖြတ်ချက် ထွက်လာတာပါ။ အုပ်ချုပ်ရေးကောင်စီရဲ့ အတည်ပြုချက်ရဖို့ လိုပါသေးတယ်။

[Photo: Mohamed Nureldin Abdallah/Reuters]
ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan, ကောင်စီဒုဥက္ကဌ Mohamed Hamdan Daglo တို့ကို အိုင်စီစီ ရှေ့နေချုပ်က ဗုဒ္ဓဟူးနေ့ တွေ့ဆုံရာမှာ ဆူဒန်ဟာ အိုင်စီစီနဲ့ လက်တွဲဖို့ အသင့်ပြင်ထားပြီလို့ ကောင်စီဒုဥက္ကဌက ပြောကြောင်း SUNA သတင်းက ဆိုပါတယ်။
ဝန်ကြီးချုပ် Abdalla Hamdok ကလဲ “ တရားမျှတမှုကို ရယူဖို့ ဆူဒန်က သန္နိဌာန်ချတာဟာ နိုင်ငံတကာကတိကဝတ်ကို လိုက်နာတာဖြစ်ရုံမက ပြည်သူ့လိုအင်ကို တုံ့ပြန်ဖြည့်ဆည်းတာပါ” လို့ အိုင်စီစီရှေ့နေချုပ်ကို တွေ့ဆုံပြောကြားလိုက်ပါတယ်။
ဆူဒန်သမ္မတဟောင်း အာဏာရရှိချိန် “အိုင်စီစီ”က ဝရမ်းထုတ်ထားချိန်မှာ သူ့အတွက် လွတ်လပ်စွာ သွားလာနိုင်ခဲ့တဲ့ ပြည်ပနိုင်ငံဟာ တရုတ်နိုင်ငံပဲရှိခဲ့ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ “အိုင်စီစီ”က တရားစွဲထားသူကို တရုတ်က နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့လို့ နိုင်ငံတကာက တရုတ်အစိုးရကို ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။
Source: Aljazeera