၁၈/၃/၂၀၂၂
ယူကရိန်းလူနေအဆောက်အဦးတွေကို ရုရှားစစ်တပ်က ဗုံးကြဲတိုက်ခိုက်နေတာတွေကို တရုတ်အစိုးရပိုင်သတင်းဌာနတွေမှာ စတင်ထုတ်လွှင့်လာတယ်လို့ တရုတ်အခြေစိုက်သံတမန်တွေကပြောပါတယ်။
ပူတင်ကျုးကျော်စစ်စတင်ကတည်းက တရုတ်ပြည်တွင်းသတင်းတွေမှာ ရုရှားတပ်တွေကျဆုံးမှုနဲ့ လူနေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်တာတွေ လုံးဝပြသခြင်းမရှိခဲ့ပဲ ရုရှားအစိုးရအာဘော်အတိုင်းပဲ တရုတ်လို ထုတ်လွှင့်ခဲ့တယ်ဆိုပါတယ်။ ဒါပေမယ့် မတ်လ ၁၇ ရက်ကစပြီး ရုရှားစစ်သားတွေက စတိုးဆိုင်တွေလုယူတာတွေ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်တာတွေပြသလာသလို ရုရှားတပ်တွေ အကျအဆုံးများတဲ့ သတင်းတွေ ထုတ်လွှင့်ပြသလာတာလို့ ပြောပါတယ်။
အစိုးရဝါဒဖြန့် သတင်းဌာနတချို့နဲ့ လူမှုကွန်ယက်မှာတော့ စစ်ဆန့်ကျင်ရေးရေးသားပြောဆိုတာတွေ ဆင်ဆာလုပ်ဖြတ်တောက်နေဆဲလို့လည်း သံတမန်တွေကပြောပါတယ်။
ပူတင်ကျုးကျော်စစ်နဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ် (၂) နိုင်ငံသမ္မတတွေ ဒီကနေ့ ဆွေးနွေးဖို့ရှိနေပြီး ရုရှားကို စစ်ရေး စီးပွါးရေးမကူညီဖို့ အမေရိကန်က သတိပေးထားပါတယ်။ အမေရိကန်အစိုးရဟာ ရုရှားသမ္မတပူတင်ကို စစ်ရာဇဝတ်ကောင်လို့လည်း လူသိထင်ရှားပြောဆိုထားပါတယ်။