၂၆ နိုဝင်ဘာ ၂၀၂၁
လူဦးရေ (၇) သိန်းနီးပါးပဲရှိတဲ့ ပစိဖိတ်ကျွန်းနိုင်ငံဖြစ်တဲ့ ဆော်လမွန်ကျွန်းစုများနိုင်ငံမှာ အစိုးရဆန့်ကျင်လှုပ်ရှားမှုတွေဖြစ်ပေါ်နေတာ ၃ ရက်ထဲကို ရောက်လာပါပြီ။ ဝန်ကြီးချုပ် Manasseh Sogavare ရာထူးကနုတ်ထွက်ပေးဖို့တောင်းဆိုရာကနေ ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်တဲ့အဆင့်ကို ရောက်လာပြီး ပါလီမန်အဆောက်အအုံကိုပါ မီးရှိူ့ဖျက်ဆီးခံရတဲ့အဆင့်ဖြစ်လာပါတယ်။ ဝန်ကြီးချုပ်ရဲ့မေတ္တာရပ်ခံချက်အရ ဩစတေးလျက ငြိမ်းချမ်းရေးထိမ်းသိမ်းရေးတပ်ဖွဲ့ဝင် ၁ ရာနီးပါး စေလွှတ်မယ်ဆိုပါတယ်။
ဆန္ဒပြသူတွေရဲ့ အဓိကပစ်မှတ်ဟာ အစိုးရအဆောက်အဦးတွေသာမက China Town နဲ့ တရုတ်စီးပွါးရေးကုမ္ပဏီတွေကိုပါ မီးရှို့ဖျက်ဆီးလာတဲ့အတွက် တရုတ်အစိုးရကလည်း စိုးရိမ်နေရပါတယ်။ ပစိဖိတ်ရေကြောင်းသွားလာရေးမှာ အဓိကနေရာမှာရှိနေတဲ့ ဆော်လမွန်ကျွန်းကို တရုတ်အစိုးရက ဒေါ်လာ သန်း ၇၀၀ နီးပါးအကူအညီတွေပေးပြီး ၂၀၁၉ ခုနှစ်ကမှ သံတမန်ဆက်ဆံရေးထူထောင်ထားတာမို့ပါ။
ဆော်လမွန်ကျွန်းစုနိုင်ငံဟာ ဗြိတိန်ဆီကနေ ၁၉၇၈ ခုနှစ်ကမှ လွတ်လပ်ရေးရခဲ့သလို တိုင်ဝမ်ကိုပဲ အသိအမှတ်ပြုခဲ့ပြီး တရုတ်နဲ့ သံအဆက်အသွယ်မရှိခဲ့ပါဘူး။ တိုင်ဝမ်နဲ့ သံတမန်သဘောတူညီတဲ့ တနိုင်ငံတည်းသောကျွန်းနိုင်ငံငယ်လေးပါ။ လက်ရှိဝန်ကြီးချုပ် Manasseh Sogavare လက်ထက်မှာတော့ တိုင်ဝမ်နဲ့သံတမန်ဆက်ဆံရေးရပ်ဆိုင်းပြီး တရုတ်နဲ့ သံတမန်ထူထောင်ခဲ့တာပါ။
တရုတ်ဆီကနေ ဒေါ်လာသန်းချီယူပြီး တိုင်ဝမ်နဲ့သံတမန်ဖြတ်တောက်ခဲ့တဲ့အပေါ် အတိုက်အခံတွေက မကျေနပ်ခဲ့ကြပါဘူး။ ကိုဗစ်နဲ့ စီးပွါးရေးပျက် အလုပ်လက်မဲ့တွေများလာချိန်မှာ အထွေထွေမကျေနပ်မှုတွေပေါင်းမိပြီး ဆန္ဒပြပွဲတွေပေါ်ပေါက်လာရတာပါ။
တိုင်ဝမ်နဲ့သံတမန်ဖြတ်တောက်ပေးခဲ့တဲ့ ဝန်ကြီးချုပ်ကို ရာထူးကနုတ်ထွက်ပေးဖို့တောင်းဆိုမှုဟာ တရုတ်အစိုးရအတွက် ရင်လေးစရာဖြစ်လာနေပါတယ်။ ပိုဆိုးတာက အကြမ်းဖက်မှုတွေ ဟန့်တားပေးဖို့ ဩစတေးလျကိုအကူအညီတောင်းခဲ့တဲ့ကိစ္စပါ။
အမေရိကန် ဗြိတိန်နဲ့ ဩစတေးလျ ၃ နိုင်ငံ စစ်ရေးမဟာမိတ်ဖွဲ့ပြီး အနျုမြုစွမ်းအင်သုံးရေငုပ်သင်္ဘောကိစ္စနဲ့ ဆက်ဆံရေးတင်းမာနေချိန်မှာ တရုပ်က ခြေကုပ်ယူဖို့ပြင်ထားတဲ့ ဆော်လမွန်ကျွန်းပေါ်ကို ဩစတေးလျလုံခြုံရေးတပ်ဖွဲ့တွေရောက်လာတာဟာ ရူပ်ထွေးပွေလီနေတဲ့ အင်ဒိုပစိဖိတ်ဒေသကို ပိုမိုဆိုးဝါးလာနိုင်သလို တရုတ်အနေနဲ့ မထင်မှတ်တဲ့ စစ်မြေပြင်တနေရာတိုးလာနေတယ်လို့ နိုင်ငံတကာသတင်းတွေက သုံးသပ်ဖေါ်ပြကြပါတယ်။
BNN/International Article