၁၁/၃/၂၀၂၂
မြေပြင်နဲ့ ဝေဟင်ကပါ အင်အားသုံးတိုက်ခိုက်နေပေမယ့် ထင်တိုင်းမပေါက်တဲ့ ရုရှားသမ္မတပူတင်ဟာ ဓါတုလက်နက်တွေထုတ်သုံးဖို့ ပြင်ဆင်နေပြီလို့ အမေရိကန် ဗြိတိန်နဲ့ အနောက်နိုင်ငံတွေက ထုတ်ဖေါ်ပြောဆိုထားပါတယ်။
ကျူးကျော်စစ် ၂ ပတ်တာကာလမှာ ရုရှားစစ်သား အနည်းဆုံး ၅ ထောင်နဲ့ ၁ သောင်းခန့် သေဆုံးပျောက်ဆုံးနေပြီး ရုရှားရဲ့နာမည်ကျော် မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်စနစ်တွေဟာ လုံး၀ အသုံးမ၀င်တော့သလိုဖြစ်နေတယ်လို့ အနောက်နိုင်ငံစစ်ရေးလေ့လာသူတွေကပြောပါတယ်။
ရုရှားရဲ့ နာမည်ကျော် တိုက်လေယာဥ်တွေဟာလည်း ယူကရိန်းဝေဟင်ကို ထင်သလို စိုးမိုးနိုင်စွမ်းမရှိသလို ရေပြင် မြေပြင်ကပစ်တဲ့ တာဝေးပစ်ဒုံးကျည်တွေကလည်း ထင်သလို မထိရောက်ဘူးဆိုပါတယ်။ နာမည်ကျော် ရုရှားတင့်ကားတွေကလည်း အမေရိကန်နဲ့ ဗြိတိန်က ပေးထားတဲ့ တင့်ကားဖျက်လက်နက်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ တနေ့တခြားများလာနေပြီး ဆိုဗီယက်ခေတ်က တင့်ကားတွေဆိုရင် လုံး၀ ပျက်စီးဆုံးရှုံးသွားပြီလို့ ဆိုကြပါတယ်။
ရုရှားရဲ့ နာမည်ကြီး စစ်သူရဲကောင်းဘွဲ့ရ ကြည်းတပ်နဲ့ လေတပ်က အရာရှိတွေပါ သေဆုံးရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရသလို မိုင် ၄၀ ရှည်တဲ့ ရုရှားစစ်ကြောင်းဟာ မြို့တော်ကိယက်ဗ်အနားကို မကပ်နိုင်ပဲ တပ်ပျက်နေသလိုဖြစ်နေတယ်လို့ အမေရိကန်နဲ့ ဗြိတိန်ထောက်လှမ်းရေးတွေက ပြောပါတယ်။
အခုပုံအတိုင်း တိုက်ပွဲဆက်ဖြစ်နေရင် ယူကရိန်းနိုင်ငံထဲရောက်နေတဲ့ ရုရှားတပ်တွေဟာ လုံး၀ ပြိုကွဲပျက်စီးသွားမယ့်အနေအထားဖြစ်နေတယ်။ ဒီအချိန်မှာ ပူတင်က ဓါတုလက်နက်တွေထုတ်သုံးဖို့ ဗျူဟာပြောင်းလာတာလို့ ဗြိတိန်ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။ ဓါတုလက်နက်တွေ မသုံးခင်မှာ သတင်းမှားတွေ ဖြန့်ချီတဲ့ ဆိုဗီယက်ခေတ်ထောက်လှမ်းရေးနည်းကို သုံးလာတယ်ဆိုပါတယ်။ အမေရိကန်နဲ့ ယူကရိန်းက ရုရှားနယ်စပ်မှာ ဇီ၀လက်နက်တွေထုတ်ဖို့ စမ်းသပ်နေတယ်ဆိုတဲ့သတင်းမှားတွေ၊ ယူကရိန်းက ဓါတုပစ္စည်းတွေအသုံးပြုပြီး တိုက်ခိုက်ဖို့ပြင်ဆင်နေပြီဆိုတာတွေကို ကရင်မလင်က စနစ်တကျ သတင်းမှားတွေ ဖြန့်ချီနေတယ်လို့ ဗြိတိန်ထောက်လှမ်းရေးတွေက ပြောပါတယ်။
ယူကရိန်းနယ်စပ်မှာ တပ်အင်အားတွေ ပြောင်းရွေ့ချနေတာကို အမေရိကန်နဲ့ ဗြိတိန်ထောက်လှမ်းရေးတွေက အထောက်အထားပုံတွေနဲ့ သတိပေးချိန်မှာ ပူတင်က ယူကရိန်းကို တိုက်ဖို့ အစီအစဥ်မရှိသလို ပုံမှန်စစ်ရေးလေ့ကျင့်တာလို့ အကြိမ်ကြိမ်ပြောခဲ့တာပါ။ ယူကရိန်းကို ၀င်တိုက်ဖို့ ပြင်ဆင်ပြီးချိန်မှာ အမေရိကန်နဲ့ NATO က ရုရှားလုံခြုံရေးကို အာမခံပေးရမယ်၊ယူကရိန်းကို NATO အဖွဲ့ထဲ ၀င်ခွင့်မပေးရဘူးဆိုတဲ့ မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေကို တောင်းခဲ့ပါတယ်။ သူ့တောင်းဆိုချက်ကို မရချိန်မှာ ခွဲထွက်ပြည်နယ်တွေကို လွတ်လပ်တဲ့ နိုင်ငံတွေအဖြစ် ပူတင်က အသိအမှတ်ပြုပြီး ခွဲထွက်နိုင်ငံတွေ ရဲ့တောင်းဆိုချက်အရ ငြိမ်းချမ်းရေးထိမ်းသိမ်းပေးဖို့ဆိုပြီး ယူကရိန်းကို ၀င်တိုက်ခဲ့တာပါ။ ရက်ပိုင်းအတွင်းသိမ်းနိုင်မယ်ထင်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာချိန်မှာ ငြိမ်းချမ်းရေး ထိမ်းသိမ်းဖို့ဆိုတဲ့အပြောကနေ ယူကရိန်းအစိုးရဟာ နာဇီအစိုးရဖြစ်တယ်၊ ခွဲထွက်ပြည်နယ်က ရုရှားစကားပြောပြည်သူတွေကို လူမျိူးတုန်းသတ်ဖြတ်နေတယ်ဆိုတဲ့ စွဲချက်ထပ်ပြောင်းခဲ့ပါတယ်။
စစ်မြေပြင်မှာလည်း အခြေအနေမကောင်း ယူကရိန်းပြညသူတွေနဲ့ နိုင်ငံတကာကသာမက ရုရှားပြည်သူတွေကပါ သူပြောတာမယုံချိန်မှာ နျူကလီးယားလက်နက်တွေ ထုတ်ပြလာပြန်ပါတယ်။ သူ့နျူကလီးယား လက်နက်တွေထုတ်ပြချိန်မှာလည်း အနောက်နိုင်ငံတွေက နောက်ဆုတ်မသွားပဲ ရုရှားကို ပိုတိုးပိတ်ဆို့ပြီး ယူကရိန်းကို ပိုကူညီလာကြပါတယ်။
အခုနောက်ဆုံး ဓါတုလက်နက်ဖက်ကို လှဲ့လာတာဖြစ်ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်အစိုးရကတော့ ပူတင်ဟာ ဆီးရီးယားမှာကျင့်သုံးခဲ့တဲ့ ဗျုဟာအတိုင်း ဓါတုလက်နက်တွေ ထုတ်သုံးဖို့ ပြင်နေပြီလို့ အခိုင်အမာပြောနေပါပြီ။
၂၀၁၄ ခုနှစ်မှာ ပူတင်ထောက်ခံတဲ့ ဆီးရီးယားအစိုးရက ရုရှားရဲ့ဓါတုလက်နက်တွေ အသုံးပြုပြီး ပြည်သူတွေ မြို့တွေကနေ ထွက်ပြေးအောင် လုပ်ခဲ့ဘူးပါတယ်။ အဲဒီနည်းအတိုင်း ပူတင်ဟာ Kharkiv နဲ့ Mariupol မြို့တွေကို စတင်စမ်းသပ်ဖို့ ပြင်ဆင်ထားပြီး ယူကရိန်းတပ်တွေက အသုံးပြုတဲ့ပုံစံဖြစ်အောင် ပုံဖေါ်နေတယ်လို့ အမေရိကန်နဲ့ ဗြိတိန်အစိုးရအပါအ၀င် စစ်ထောက်လှမ်းရေးသတင်းတွေက အခိုင်အမာပြောဆိုထားပါတယ်။
BNN/Special Article