၁၃ နိုဝင်ဘာ ၂၀၂၁
အီတလီနိုင်ငံ Brescia မြို့မှာ ဒီကနေ့စတင်ကျင်းပတဲ့ တရုတ်အတိုက်အခံ ပန်းချီကာတွန်းညာရှင်တဦးရဲ့ပြပွဲကို ခွင့်မပြုဖို့ တရုတ်သံရုံးရဲ့ တောင်းဆိုချက်ကို Brescia မြို့တော်ဝန် Emilio Del Bono က ပယ်ချလိုက်ပါတယ်။
တရုတ်အတိုက်အခံ အနုပညာရှင်Badiucao ရဲ့ ပြပွဲကို လက်မခံဖျက်သိမ်းဖို့ သံရုံးရဲ့တောင်းဆိုချက်ကို မြို့တော်ပန်းချီပန်းပုပြခန်းတာဝန်ရှိသူတွေကလည်း လက်မခံပဲ ဒီကနေ့ တခမ်းတနား ကျင်းပဖွင့်လှစ်ပေးခဲ့တယ်လို့ အီတလီသတင်းတွေကဖေါ်ပြပါတယ်။
Badiucao ရဲ့ ပြပွဲကို ခွင့်ပြုမယ်ဆိုရင် တရုတ် အီတလီ ၂ နိုင်ငံဆက်ဆံရေးကို ထိခိုက်လိမ့်မယ်လို့ တရုတ်သံရုံးက ခြိမ်းခြောက်ခဲ့တယ်ဆိုပါတယ်။ အီတလီမြေပေါ်က ပွဲလမ်းသဘင်တွေ ပြပွဲတွေ အပေါ် တရုတ်အနေနဲ့ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးလို့ Brescia မြို့တော်ဝန်နဲ့ မြို့တော်ပြခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ အီတလီဟာ ဒီမိုကရေစီနိုင်ငံဖြစ်သလို လွတ်လပ်စွာဖေါ်ပြခွင့်တွေအပြည့်ရှိတဲ့နိုင်ငံဖြစ်တယ်လို့ အီတလီအစိုးရကလည်း ထုတ်ဖေါ်ပြောဆိုထားပါတယ်။
အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ တရုတ်နိုင်ငံသား Badiucao ဟာ တရုတ်ကွန်မြူနစ်အစိုးရရဲ့ မှားယွင်းမူတွေကို ပန်းချီ ကာတွန်းတွေနဲ့ လှောင်ပြောင်ရေးဆွဲရာမှာ နာမည်ကြီးထင်ရှားသူဖြစ်ပါတယ်။ ကွန်မြူနစ်အစိုးရရဲ့ ပစ်မှတ်ထားခြင်းကိုခံနေရပြီး ဩစတေးလျနိုင်ငံမှာ နေထိုင်နေရပြီး လောလောဆယ် အီတလီမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ သူ့လက်ရာတွေကို တခြားအီတလီမြို့ကြီးတွေမှာ ဆက်လက်ပြသဖို့စီစဉ်ထားကြောင်းလည်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
BNN