၁၄ အောက်တိုဘာ ၂၀၂၁
နော်ဝေနိုင်ငံ Kongsberg မြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့ညပိုင်းက တကိုယ်တော်အကြမ်းဖက်သမားကြောင့် အနည်းဆုံး (၄) ဦးသေဆုံးပြီး လူအများအပြားဒဏ်ရာရကြောင်း နော်ဝေသတင်းတွေက ဖေါ်ပြပါတယ်။
မြို့လယ်ခေါင် စတိုဆိုင်အတွင်းကို လေးနဲ့မြှားကိုင်လူတယောက်ဝင်လာပြီး စျေးဝယ်တွေကို မြှားနဲ့စတင်ပစ်ခတ်တယ်ဆိုပါတယ်။ အဲဒီနောက် မြို့လယ်ခေါင်တခြားနေရာတွေကို ပြေးထွက်သွားပြီး တွေ့တဲ့လူတွေကို မြှားနဲ့ပစ်ခတ်ခဲ့တာလို့ တာဝန်ကျရဲအရာရှိတဦးကပြောပါတယ်။ နေရာအတော်များများမှာ ပြေးလွှားပစ်ခတ်ပြီးမှ ရဲက ဖမ်းမိခဲ့တာမို့ လူဘယ်လောက်သေဆုံးဒဏ်ရာရတယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ Kongsberg မြို့ရဲအရာရှိကပြောပါတယ်။



မြှားနဲ့ပစ်ခတ်သူကို ဖမ်းမိထားပြီး ဘာကြောင့် အခုလို လုပ်တယ်ဆိုတာစစ်ဆေးနေဆဲလို့ တာဝန်ကျရဲအရာရှိကပြောပါတယ်။ မျက်မြင်တွေအပြောအရ တကိုယ်တော်ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။
နော်ဝေမှာ ၂၀၁၁ ခုနှစ်တုန်းကလည်း တကိုယ်တော် လက်ယာအစွန်းရောက်ဝါဒီတဦးက ရဲဝတ်စုံဝတ်ပြီး ဝန်ကြီးချုပ်ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့သလို လေဘာပါတီဝင်လူငယ်တွေကို သွေးအေးအေးနဲ့ပစ်သတ်မှုဖြစ်ခဲ့ပါတယ်။ အခုဖြစ်ရပ်ကျုးလွန်သူကလည်း အလားတူ အစွန်းရောက်ဝါဒီတဦးဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းသုံးသပ်နေကြပါတယ်။
BNN