၅ အောက်တိုဘာ ၂၀၂၁
အာဆီယံနဲ့သဘောတူထားတာတွေ လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်နေတာကြောင့် အာဏာသိမ်းစကစ ကို စိတ်ပျက်မိသလို အခုလနှောင်းပိုင်းကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို မအလကို ပေးတက်ဖို့ ဖြစ်နိုင်ချေမရှိတော့ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောပါတယ်။

မနေ့ကကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာစစ်တပ်ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်ကို ပေးတက်ခဲ့ပေမယ့် သဘောတူထားတာတွေလိုက်နာဆောင်ရွက်ဖို့ တိကျတဲ့ဖြေရှင်းချက်မရခဲ့တဲ့အပေါ် အင်ဒိုနီးရှား နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတွေက ဦးဝဏ္ဏမောင်လွင်ကို စိတ်ပျက်မိကြောင်း ပြစ်တင်ခဲ့တယ်ဆိုပါတယ်။ အဖွဲ့ဝင်နိုင်ငံအများစုကလည်း မြန်မာစစ်ခေါင်းဆောင်တွေကြောင့် အာဆီယံဒေသတွင်း စီးပွါးရေးလုပ်ငန်းတွေပါ ထိခိုက်ဆုံးရူံးနေရပြီလို့ ဝိုင်းဝန်းအပြစ်ဖို့တဲ့အဆင့်ထိဖြစ်ခဲ့တယ်လို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

လိုက်နာဆောင်ရွက်ဖို့ပျက်ကွက်နေရင် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းခေါင်းဆောင် မအလ ကိုဖိတ်ကြားဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သတင်းဌာနတွေကိုပြောထားသလို သူ့တွစ်တာမှာလည်းရေးသားထားပါတယ်။