ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ဖို့ မြန်မာစစ်တပ်က FB ကို ကောင်းကောင်း အသုံးချခဲ့
(Frances Haugen – ကွန်ပြူတာသိပ္ပံပညာရှင်နဲ့ FB ဝန်ထမ်းဟောင်း)
၄ အောက်တိုဘာ ၂၀၂၁
မြန်မာစစ်တပ်ဟာ လူထုကြားမှာ အမုန်းတရားတွေ ကြီးစိုးလာအောင် သတင်းမှားတွေဖြန့်ဖြူးဖို့ FB ကို ကောင်းကောင်း အသုံးချခဲ့တယ်လို့ ကွန်ပြူတာပညာရှင် Frances Haugen က ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
CBS သတင်းဌာနရဲ့ 60 Minutes အင်တာဗျူး အစီအစဉ်မှာ Frances Haugen က ထုတ်ဖေါ်ပြောဆိုထားတာပါ။ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး Frances Haugen ဟာ FB ကုမ္ပဏီဌာနချုပ်မှာ တာဝန်ထမ်းဆောင်စဉ် ကုမ္ပဏီရဲ့မူဝါဒတွေကို သဘောမကျတော့တဲ့အတွက် ကုမ္ပဏီတွင်း သုတေသန အချက်အလက်တွေကို စုဆောင်းပြီး အမည်ဝှက်နဲ့ အမေရိကန်အစိုးရကို တိုင်ကြားခဲ့သူဖြစ်ပါတယ်။ သူ့တိုင်ကြားချက်နဲ့ပဲ FB ထူထောင်သူ ဇူကာဘတ်ကို အမေရိကန် အောက်လွှတ် တော်က ခေါ်ယူမေးမြန်းတာတွေ ဖြစ်ခဲ့ရပါတယ်။ အခု CBS သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းလုပ်ပြီး သူ ဘယ်သူလဲဆိုတာ ဖွင့်ချပြလိုက်တာဖြစ်ပါတယ်။

အမုန်းတရားတွေ၊ သတင်းမှားတွေ ထိန်းချုပ်ဖို့ ဆန္ဒနဲ့ FB မှာ တာဝန်ထမ်းဆောင်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာတဲ့အတွက် အလုပ်က နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ Frances Haugen က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ လူ့အဖွဲ့အစည်းကြားက အမုန်းတရားတွေ ပိုကြီးလာအောင် FB ပေါ်မှာ သတင်းမှားတွေဖြန့်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တာလို့လည်း သူက ပြောဆိုသွားပါတယ်။