၁၀ နို၀င်ဘာ ၂၀၂၁
အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ တိုင်၀မ်ကို ရုတ်တရက် ရောက်ရှိလာတဲ့အပေါ် တရုတ်အစိုးရက ဒေါသတကြီးကန့်ကွက်ထားပါတယ်။ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ကိုယ်စားလှယ် ၆ ဦးပါ၀င်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ နို၀င်ဘာ ၉ ရက်နေ့က အမေရိကန်ရေတပ်လေယာဥ်နဲ့ တိုင်၀မ်ကို နေ့ချင်းပြန် ရောက်ရှိလာတာပါ။ ခရီးစဥ်နဲ့ပတ်သက်လို့ အမေရိကန်နဲ့ တိုင်၀မ်က ကြိုတင်သတင်းထုတ်ပြန်တာမရှိခဲ့သလို တရုတ်အစိုးရကလည်း မသိခဲ့ဘူးဆိုပါတယ်။
လွတ်လပ်တဲ့ တောင်တရုတ်ပင်လယ်စစ်ရေးစောင့်ကြည့်ရေးအဖွဲ့တွေက စတင်သတင်းထုတ်ပြန်မှ တရုတ်ကသိခဲ့ရပြီး ခရီးစဥ်ကို ကန့်ကွက်ခဲ့တာပါ။ ပြည်တွင်းရေးကို ၀င်ရောက်နှောက်ယှက်တဲ့အပြုအမူလို့ တရုတ်ကာကွယ်ရေး၀န်ကြီးဌာနက စွတ်စွဲထားပါတယ်။ ခွဲထွက်ရေးတိုင်၀မ်ကို မြှောက်ပင့်တာတွေ ရပ်ဆိုင်းဖို့လည်း တရုတ်ကာကွယ်ရေး၀န်ကြီးဌာနက တောင်းဆိုပါတယ်။
အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာနကတော့ တိုင်၀မ်ရှိ အမေရိကန်ဆက်သွယ်ရေးရုံးရဲ့ စီစဥ်မှုနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံကနေ တိုင်၀မ်ကို စစ်လေယာဥ်နဲ့ သွားရောက်ခဲ့တာလို့ ထုတ်ဖေါ်ပြောဆိုထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လိုအပ်တဲ့ လုံခြုံရေးနဲ့ ခရီးစဥ်ချောမွေ့ရေးကို အမေရိကန်တပ်မတော်က ကူညီဆောင်ရွက်ပေးဖို့ တာ၀န်ရှိတဲ့အတိုင်း ကူညီပေးခဲ့တာလို့ ဆိုပါတယ်။ တိုင်၀မ်ဟာ တရုတ်ပိုင်ဖြစ်လို့ နိုင်ငံခြားစစ်ဖက်ဆိုင်ရာလေယာဥ်တွေ သွားရောက်မယ်ဆိုရင် ခွင့်ပြုချက်ယူဖို့ တရုတ်အစိုးရက ကြေညာထားခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရမသိပဲ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေ စစ်လေယာဥ်နဲ့ တိုင်၀မ်ကို သွားရောက်တာ အခုနှစ်ထဲမှာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။
တရုတ်အစိုးရက အမေရိကန်ရေတပ်သင်္ဘောတွေကို ပစ်မှတ်ထားလေ့ကျင့်ဖို့ Xinjiang ပြည်နယ်ထဲမှာ သင်္ဘောပုံစံတူတွေ ဆောက်လုပ်ပြင်ဆင်နေတဲ့ ထောက်လှမ်းရေးပုံတွေ ထွက်ပေါ်လာပြီး နောက်ရက်မှာ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တိုင်၀မ်ကို ရောက်ရှိလာတာမို့ တရုတ်အမေရိကန်ဆက်ဆံရေးနဲ့ တိုင်၀မ်ပြသနာဟာ အဆိုးဝါးဆုံးအခြေအနေတခုကို ဦးတည်နေပြီလို့ လွတ်လပ်တဲ့ တောင်တရုတ်ပင်လယ်စစ်ရေးလေ့လာသူတွေက သုံးသပ်နေပါတယ်။
BNN/International Article