၂၂ အောက်တိုဘာ ၂၀၂၁
အာဏာသိမ်းစစ်တပ်ရှိနေသရွေ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မရောက်နိုင်ဘူးလို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် Christine Schraner Burgener က နိုင်ငံတကာကို သတိပေးပြောလိုက်ပါတယ်။
ရာထူးတာဝန်ကနေနုတ်ထွက်တော့မယ့် Christine Schraner Burgener ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဒီကနေ့တွေ့ဆုံရာမှာ သတိပေးပြောလိုက်တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို လုံးဝစိတ်မဝင်စားသလို လက်ခံခြင်းလည်းမရှိဘူးလို့ သူကပြောပါတယ်။ စစ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ပတ်သက်နေသူတွေကို ပိုမိုထိရောက်တဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ဖို့ လိုမယ်လို့ Christine Schraner Burgener က ထပ်မံတိုက်တွန်းပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ကို လက်ခံတဲ့အရိပ်အရောင် လုံးဝမပြသမိဖို့လည်း Christine Schraner Burgener က အကြံပေးပါတယ်။ သူအကြိမ်ကြိမ်သတိခဲ့တဲ့ကြားကပဲ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုနှေးကွေးတဲ့အတွက် မြန်မာနိုင်ငံဟာ တကယ့်ပြည်တွင်းစစ်မီးထဲကို ဆိုက်ရောက်သွားပြီ
လို့ ဆိုနိုင်ကြောင်း Christine Schraner Burgener ကပြောပါတယ်။
အာဏာသိမ်းစစ်အာဏာရှင်အောက်မှာနေရမယ့်အစား အသေခံတိုက်ပွဲဝင်သွားမယ်ဆိုတဲ့မြန်မာပြည်သူတွေရဲ့စာကို နေ့စဉ်ရရှိနေသလို မြန်မာလူငယ်တွေဟာ သူတို့ဘဝနဲ့ရင်းပြီး အာဏာရှင်ကိုဆန့်ကျင်သွားဖို့ ခိုင်ခိုင်မာမာရွေးချယ်ထားပြီးနေပြီလို့လည်း Christine Schraner Burgener ကရှင်းလင်းပြောဆိုသွားကြောင်း အမည်မဖေါ်လိုသူ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့နီးစပ်သူတွေကပြောပါတယ်။
BNN