၁၈ သြဂုတ် ၂၀၂၁
အာဖဂန်ဒုသမ္မတ (၁) Amrullah Saleh ဦးဆောင်ပြီး တာလီဘန်ဆန့်ကျင်တော်လှန်ရေး မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို Panjshir ပြည်နယ်မှာ ဖွဲ့စည်းလိုက်ကြောင်း အာဖဂန်နစ္စတန်ဒေသဆိုင်ရာသတင်းတွေကဖေါ်ပြပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ ပထမအကြိမ်တာလီဘန်တွေအာဏာရစဉ်ကလည်း Panjshir ပြည်နယ်မှာ အခြေစိုက်ပြီး အာဖဂန်နစ်စ္စတန်ရဲ့သူရဲကောင်းအာဇာနည်လို့တင်စားတဲ့ တပ်မှူး Ahmad Shah Massoud ဦးဆောင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

Ahmad Shah Massoud ဟာ ဆိုဗီယက်တပ်တွေကို ဦးဆောင်တိုက်ပွဲဝင်ခဲ့သူဖြစ်သလို တောင်ပိုင်းအခြေစိုက် တာလီဘန်တွေကို တော်လှန်ခဲ့သူလည်းဖြစ်ပါတယ်။ သူ့ကို တာလီဘန်တွေနဲ့ ဘင်လာဒင်က လုပ်ကြံသတ်ဖြတ်ဖို့ အကြိမ်ကြိမ်ကျိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၉ ရက်မှာတော့ နိုင်ငံခြားသတင်းထောက်အယောင်ဆောင်ထားတဲ့ ဘင်လာဒင်ရဲ့ကြေးစားလူသတ်သမားအဖွဲ့ကို အင်တာဗျူးလက်ခံဖြေဆိုမိချိန်မှာ ကင်မရာထဲမှာထဲ့ထားတဲ့ ချိန်ကိုက်ဗုံးပေါက်ကွဲမှုနဲ့သေဆုံးခဲ့ရသူပါ။
တာလီဘန်တွေကျဆုံးထွက်ပြေးပြီး ရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရလက်ထက်မှာ အာဖဂန်ရဲ့ အာဇာနည်အဖြစ်သတ်မှတ်ပြီး မြောက်ပိုင်း Panjshir ပြည်နယ်က သူ့ဇာတိမှာ အာဇာနည်ဗိမ္မာန်တည်ဆောက်ဂုဏ်ပြခံခဲ့ရပါတယ်။

အခု ဒုတိယအကြိမ်မြောက် တာလီဘန်ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်ဖို့ ဌာနချုပ်အဖြစ် Panjshir ပြည်နယ်ကိုပဲ အာဖဂန် ဒုသမ္မတ ၂ က ရွေးချယ်ခဲ့တာဖြစ်သလို Ahmad Shah Massoud ရဲ့သားဖြစ်သူ Ahmad Massoud က ဒုတိယခေါင်းဆောင်အဖြစ်ပါဝင်တယ်ဆိုပါတယ်။
Panjshir ပြည်နယ်ဟာ တာလီဘန်တွေ မသိမ်းပိုက်ရသေးတဲ့ တခုတည်းသောကျန်တဲ့ပြည်နယ်လည်းဖြစ်ပါတယ်။ အခုလို တာလီဘန်ဆန့်ကျင်ရေးမြောက်ပိုင်းမဟာမိတ်အဖွဲ့ဖွဲ့စည်းလိုက်တဲ့အတွက် အာဖဂန်နစ္စတန်နိုင်ငံမှာ နောက်ထပ် ပြည်တွင်းစစ်ဖြစ်လာမဲ့အနေအထားရှိနေတယ်ဆိုပါတယ်။ မြို့တော်ကို သိမ်းပိုက်ထားတဲ့ တာလီဘန်တွေအနေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို စေ့စပ်ဆွေးနွေးပြီး အစိုးရအဖွဲ့ထဲ ဆွဲထဲ့မလား ဒါမှမဟုတ် စစ်ပွဲဆင်နွဲမလားဆိုတာတော့ မသိရသေးပါဘူး။
BNN/International