၈ အောက်တိုဘာ ၂၀၂၁
အုဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz မြို့က ဗလီထဲကို အသေခံဗုံးဖေါက်ခွဲခဲ့လို့ ဝတ်ပြုဆုတောင်းသူ အနည်းဆုံး (၅၀) ခန့်သေဆုံးကြောင်း တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။သောကြာနေ့ဝတ်ပြုဆုတောင်းပွဲလုပ်နေစဉ်မှာ ဝတ်ပြုသူတွေထဲက တဦးက အသေခံဖေါက်ခွဲခဲ့တာလို့ပြောပါတယ်။ ဘယ်အဖွဲ့က စီစဉ်တယ်ဆိုတာ အတိအကျမသိရသေးပေမယ့် အာဖဂန်အစ္စလာမ်မစ်အစွန်းရောက် IS-K အဖွဲ့လက်ချက်ဖြစ်မယ်လို့ တာလီဘန်ပြောခွင့်ရသူက ခန့်မှန်းပါတယ်။ ပေါက်ကွဲအားပြင်းထန်တာမို့ ဒဏ်ရာရသူတွေလည်းများတယ်ဆိုပါတယ်။

IS အဖွဲ့ဟာ တာလီဘန်တွေကို အသိအမှတ်မပြုသလို အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့လို့ တာလီဘန်ကို သစ္စာဖေါက်တွေအဖြစ် သတ်မှတ်ထားပါတယ်။ အမေရိကန်တပ်တွေ ဆုတ်ခွါပြီးချိန်ကစပြီး မြို့တော်ကာဘူးလ်အပါအဝင် နေရာတော်တော်များများမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်လာတာပါ။

အာဖဂန်ပြည်သူတွေအနေနဲ့ အစွန်းရောက်တာလီဘန်နဲ့ အကြမ်းဖက် IS တွေကြားမှာ မြေဇာပင်ထပ်ဖြစ်ရမယ့်အနေအထားနဲ့ရင်ဆိုင်နေရသလို အာဖဂန်မြေပေါ်မှာလည်း အကြမ်းဖက်သံသရာပြန်လည်လာတော့မယ့် အခြေအနေရှိနေပြီလို့ နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြထားပါတယ်။
BNN/International News