မင်းတပ် ၊ ဇန်နဝါရီ ၁၂
ချင်းပြည်နယ်၊ မင်းတပ်နှင့်မတူပီမြို့နယ်အကြားနှင့် ဝေဘူလမြို့အနီးတွင် CDF နှင့် စစ်ကောင်စီတပ်များ ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂၂ ဦးသေဆုံးကြောင်း CDF တပ်များက တရားဝင်သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ချင်းပြည်နယ်၊ မင်းတပ်-မတူပီမြို့ကြား ၃၉မိုင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲစတင်ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လက် နက်ကြီးမျိုးစုံအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊

မတူပီမြို့သို့ ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ၄၂ မိုင်တွင် CDF(မင်းတပ်) က ညနေ ၅နာရီခန့်တွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း၊ ထိုပြင် ၄၅ မိုင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကိုထပ်မံ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး ထပ်မံသေဆုံးခဲ့သည်ဟု CDF(မင်းတပ်)က ပြောသည်။
အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်ဝေဘူလမြို့အနီး၌ ဖလမ်းအခြေစိုက် ဒေသခံကာကွယ်ရေးတပ်-CNDFထောင်ထားသည့်မိုင်းများကို အကြမ်းဖက်စစ်ကောင်စီတပ်များက ထိခိုက်ကျဆုံးမူများရှိခဲ့ကြောင်း၊ အထိအခိုက်များနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို CNDF က နေလယ် နှစ်နာရီခန့်တွင် အလစ်အငိုက် ဝင်တိုက်ရာတွင် အကြမ်းဖက်စစ်သား ၁၅ ဦးခန့်ထပ်မံသေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ကထုတ်ပြန်သည်။
ဓာတ်ပုံ-မင်းတပ်-မတူပီလမ်းတွင် ချီတက်လာနေသော စစ်ကောင်စီတပ်များ။