ရန်ကုန်၊ အောက်တိုဘာ ၃၁
ချင်းပြည်နယ်၊ ထန်တလန်တွင် စစ်ကောင်စီက ပြည်သူအိမ်များကို မီးရှို့ ဖျက်ဆီးသည့်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် စစ်အာဏာရှင် နေဝင်းမြေး လုပ်ကိုင်နေသော Omni Focus YBS 20 ယာဉ်ကို ခရီးသွားပြည်သူများကို ဆင်းခိုင်းပြီးမှ မီးပုလင်းပစ်မီးရှို့လိုက်ကြောင်း ဒေသပျောက်ကြားကာကွယ်ရေးတပ်၏ ပြောဆိုချက်ကိုးကား၍ ဒေသသတင်းရင်းမြစ် Kamaryut Information က သတင်းဖော်ပြသည်။
YBS 20 ကားကို မီးရှို့မှုကို နေရောင်ခြည်မြို့ပြပျောက်ကြားအဖွဲ့က လုပ် ဆောင်ခြင်းဖြစ်ကြောင်း၊ ပြည်သူများထိခိုက်မှုမရှိစေရန် ခရီးသည်များကိုအရင်ဆင်းခိုင်းပြီး ဗုံးခွဲခြင်းမဟုတ်ဘဲ မီးပုလင်းပစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထန်တလန်မြို့အတွက် စစ်အုပ်စု၏ပိုင်ဆိုင်မှုထဲမှ တစ်ခုကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ် Kamaryut Information က ပြောသည်။
စစ်အာဏာရှင်၊ ဗိုလ်ချုပ်ကြီးဟောင်း နေဝင်းမြေး လုပ်ကိုင်နေသော Omni Focus ကုမ္ပဏီ၏ YBS 20 ယာဉ်သည် ရန်ကုန်ဆင်မလိုက်တွင် ယနေ့နံနက်ပိုင်း မီးလောင် ပျက်စီးသွားကြောင်း သိရှိရသည်။
ဆင်မလိုက်မှတ်တိုင်တွင် ယနေ့ ၁၀ နာရီ ၁၆ မိနစ်အချိန် YBS 20 ကားမီး လောင်ပြီး ၁၀ နာရီ၂၀ မိနစ် တွင် မီးငြိမ်းသွားကြောင်း ၊ လူနာတင်ကားတစ်စီးလာရောက်သည်ကိုတွေ့ရကြောင်း ဒေသခံတစ်ဦးကဆိုသည်။
Omni Focus General Services Public Co., ltd သည် ၎င်းပိုင် ယာဉ်အစီးရေ ၅၀၀ ခန့်ဖြင့် YBS (Yangon Bus Service) ယာဉ်လိုင်း ၉ လိုင်း ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိပြီး ယင်းကုမ္ပဏီသည် စစ်တပ်ထောက်ခံသူ ၊ ဗိုလ်ချုပ်ကြီးဟောင်းနေဝင်း၏မြေးကျော်နေဝင်း(အေးနေဝင်း၏ အကိုဖြစ်သူ) က ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်သည်။
Source : Khit Thit Media