ရန်ကုန်၊ နိုဝင်ဘာ ၈
မင်းတပ်-မတူပီလမ်း မိုင်တိုင် ၁၉ ဝန်းကျင်တွင် ယနေ့ မွန်းလွဲပိုင်း ၁ နာရီကျော်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် CDF-မင်းတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးကာ သံချပ်ကာအမြှောက်ကား ၁ စီး ထိခိုက်ပျက်စီးကြောင်း၊ CDF တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း CDF-မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ထံမှ သိရသည်။
မတူပီမှ နိုဝင်ဘာလ ၂ ရက်တွင် ပြန်လည်ထွက်ခွာလာသော သံချပ်ကာအမြှောက်ကား ၂ စီးပါ စစ်ကား ၇၅ စီးယာဉ်တန်းကို မင်းတပ်-မတူပီလမ်းပိုင်းတွင် CDF-မင်းတပ်မှ အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားခဲ့သည်။
အဆိုပါယာဉ်တန်းအား CDF မင်းတပ်မှ ကြားဖြတ်တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဝန်းကျင် သေဆုံးပြီဖြစ်ကြောင်း CDF-မင်းတပ်၏ နေ့စဉ်တိုက်ပွဲမှတ်တမ်းများအရသိရသည်။