ရန်ကုန်၊ နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးထက် မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ထီးချိုင့်မြို့နယ် သတင်းရပ်ကွက်များထံမှ သိရှိရသည်။
ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ်တွင် တကောင်းဘက်မှ တက်လာသော စစ်ကောင်စီကားတစ်စီးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၊ စစ်သား ၈ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့CDSOM နှင့်မဟာမိတ် ၁၀ ဖွဲ့ပူးပေါင်း၍ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်အချိန် မြောင်မြို့နယ် ဘိုးမြတ်သာရွာ တောင်ဘက် ပေါက်တောချောင်းတံတားအလွန်တွင် စစ်ကောင်စီယာဉ်တန်း သုံးစီးအနက် စစ်ကားတစ်စီးနှင့် ရဲကားတစ်စီးတို့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကားပေါ်လိုက်ပါလာသော စစ်ကောင်စီတပ်သားများ အဝေးသို့လွင့်စင်သွားသည်ကိုမြင်တွေ့ရပြီး ၁၅ ဦးခန့် ကျဆုံးနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်များက ပြောဆိုထုတ်ပြန်သည်။
အလားတူ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်တွင် နိုဝင်ဘာလ ၂ ရက်နေ့ ညပိုင်း စစ်တပ်ပိုင် Mytel တာဝါတိုင် ၃ ခုကို ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ Ngazun’s HEROS အဖွဲ့က ငါန်းဇွန်မြို့နယ် ကျောက်တလုံးရွာရှိ အကြမ်းဖက်စစ်တပ် ပိုင် မိုင်တဲ တာဝါတိုင်ကိုနိုဝင်ဘာလ ၂ ရက်နေ့ ည ၉ နာရီတွင် ဖောက် ခွဲဖျက်စီး နိုင်ခဲ့ကြောင်း ၊ ကုလရွာ ရှိ မိုင်တဲ တာဝါတိုင်ကို နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီခွဲ တွင်လည်းကောင်း၊ လက်ပံကျင်းရွာ ရှိ စစ်တပ်ပိုင် မိုင်တဲ တာဝါတိုင်ကို နိုဝင်ဘာလ ၂ရက်နေ့ ည ၁၁ နာရီခွဲတွင် ဖောက်ခွဲ ဖျက်စီးနိုင်ခဲ့ကြောင်း သိရှိရသည်။
Photo – AFP