ရန်ကုန်၊ နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တမန်းသားကျေးရွာနှင့် ရေနောက်ငါးသား ကျေးရွာအနီး တောင်တန်းများတွင် ယနေ့ ရခိုင်တပ်တော် AA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရခိုင်တပ်တော် AA နှင့် စစ်တပ်အကြား တိုက်ပွဲများ ၂၀၂၀ ခုနှစ်မှစတင်၍ ရပ်ဆိုင်းခဲ့ရာမှ ယခု ပထမဆုံးအကြိမ် ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

“ လက်နက်ကြီးသံတွေ ကြားရတယ်။ သေနတ်သံတွေရော။ ကြားရတာ ဒီနေ့ မနက် ၁၁ ကျော်ကျော်လောက်က ပါ။ နာရီဝက်လောက်တော့ ကြာတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အခြားဒေသခံတစ်ဦးကမူ AA ထိန်းချုပ်ရာနယ်မြေအတွင်းသို့ စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်း ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခထံ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပေ။
ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်များ။