ရေစကြို၊ ဇန်နဝါရီ ၁၂
ရေစကြိုမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၁ ရက် မနေ့က နေ့လည် ၃ နာရီလောက်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ MG6 ပြောက်ကျားတပ် (မြင်းခြံ) ဆီကသိရပါတယ်။
အင်အား ၆၀ လောက်ပါတဲ့ စစ်ကောင်စီတပ်တွေနဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေယှားရွာနဲ့ လှေခုတ် ကျေးရွာ ကြားမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေအပြင် ဒဏ်ရာပြင်းထန်ရသူ ၂၀ ဦးလည်း ရှိခဲ့တယ်လို့ MG6 ပြောက်ကျားတပ်(မြင်းခြံ) တာဝန်ခံက ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီဘက်ကအင်အား ၅၇ ယောက်လောက်ရှိမယ်၊ ဒီနေ့သိရတာကတော့ ၆ ဦးသေတယ်၊ အယောက် ၂၀ ကတော့မလှုပ်နိုင်တော့ဘူး၊ ဒီနေ့အယောက် ၂၀ ကျော်ကို ပို့ဖို့စီစဉ်နေတယ်၊ သူတို့စခန်းပို့မလား ဆေးရုံပို့မလားမသိသေးဘူး၊ တိုက်ပွဲကတော့ ၂ နာရီနဲ့ ၃ နာရီကြားမှာဖြစ်တာ” လို့ သူကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို MG6 ပြောက်ကျားတပ် (မြင်းခြံ)နဲ့ YLK ပြောက်ကျားတပ် (YSO) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် ကလည်း MG6 ပြောက်ကျားတပ်နဲ့ ပူးပေါင်အဖွဲ့တွေဟာ မြောင်မြို့နယ်အတွင်းဝင်လာတဲ့ စစ်ကောင်စီတပ်တွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ MG6 ပြောက်ကျားတပ်က သတင်းထုတ်ပြန်ထားပါတယ်။
MyayLattVoice