နိုဝင်ဘာ – ၁၆
စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အခွန်ရုံးနှင့် စစ်တပ်ပိုင် မြဝတီဘဏ်ရှေ့ရှိ စစ်ကောင်စီ လက်နက်ကိုင်များကို ယနေ့ နိုဝင်ဘာ(၁၆)ရက်၊ မနက်ပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စကစများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ရွေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ထုတ်ပြန်သည်။
“ စကစ သက်စိုးရှည်စေရန် ထောက်တိုင်အဖြစ် ဝင်ငွေရှာပေးနေသော/ အခွန်များ ကောက်ခံပေးနေသော ရွှေဘိုမြို့ အခွန်ရုံးအား အုံးခဲ့ပြီး မြဝတီဘဏ်တွင် လုံခြုံရေးယူနေသည့် အကြမ်းဖက် စခ ဘန်ကာထဲသို့ လက်ပစ်ဗုံးတစ်လုံး ပစ်ပေးခဲ့ရာ စကစတပ်သားအချို့ ထိခိုက်သေဆုံးမှု ရှိနိုင်” ဟု ရွှေဘို PDF က ဆိုသည်။
ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ အောင်ဇေယျလမ်းမကြီးရှိ မြဝတီဘဏ်(ရွှေဘို)အား ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် အစောင့်စစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု စစ်ကောင်စီနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ဆိုသည်။

ထိုသို့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များသည် ရွှေဘိုမြို့အတွင်း ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဆိုင်ကယ်များကိုလည်း စစ်ဆေးရှာဖွေနေကြောင်း ဒေသခံများက MFP သို့ ပြောသည်။
“ မနက်က တစ်ချက် တစ်ချက် အုန်းကနဲ့ ဒိုင်းကနဲ အသံလေးတွေတော့ ကြားတယ်။ ပြီးတော့ မြို့ထဲ မြဝတီဘဏ်ရှေ့ ဖြစ်ကြတယ်လို့တော့ ပြောတာပဲ” ဟု ရွှေဘိုမြို့ခံတစ်ဦးကလည်း MFP သို့ ပြောသည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို MFP အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ အများပြည်သူ အနေဖြင့် စစ်ကောင်စီ ထောက်တိုင်အဖြစ် ရှိနေသည့် ရုံးများအနီးနှင့် စစ်ကောင်စီ လက်နက်ကိုင်များအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြပါရန် ရွှေဘို PDF ကေ ကြညာထုတ်ပြန်ထားသည်။
ရွှေဘိုမြို့ စစ်တပ်ပိုင် မြဝတီဘဏ်အနီး ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးမှုအချို့/ Photo – ပေးပို့
Credit – Mandalay_Free_Press