ရွှေဘို ၊ ဖေဖော်ဝါရီ ၈
ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင် ရောက်ကာ ပြည်သူများ နေအိမ်ကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးနေကြောင်း၊ ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးထားပြီး ၂ ဦးသေဆုံးသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောကြားသည်။
“မနက် စောစောကွာ ၆နာရီလောက် ရွာရဲ့ အနောက်ဘက်ကနေ လက်နက်ကြီး ၆ချက် ၇ ချက်လောက် ထုပြီး ဝင်လာတယ် ၊ အင်အားများတယ် ၁၀၀ လာက် ရှိတယ်။ ဈေးဆိုင်က စားစရာတွေ ယူ ဖျက်ဆီးရိုက်ခွဲ၊ အိမ်တော်တော်များများလည်း အမွှေခံရတယ်။ ဆယ်ယောက် ဖမ်းခံထားရတယ် ၂ ယောက်သေတယ်လို့လည်း ကြားရတယ် ၊ တော်တော်ဆိုးတယ်ကွာ” ဟု ထွက်ပြေးလာသည့် ဒေသခံများ ထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ တပ်များသည် နံနက်ခင်း အစောပိုင်းတွင် ဝင်ရောက်လာသည့် အတွက် ပြည်သူအချို့မှာ ထွက်ပြေးရန် ပြင်ဆင်ချိန် မရလိုက်ဘဲ ရွာထဲရှိ အသက်အရွယ်ကြီးရင့်သူ အဘိုးအဘွားများအပါအဝင် အယောက် ၁၀၀ ဝန်းကျင်လောက် ပိတ်မိနေကြောင်း၊ စစ်ကောင်စီတပ်များသည် ရွာဝင်ပေါက်များကို အကုန်ပိတ်ထားကြောင်း ဒေသခံများ ထံမှ သိရှိရသည်။
လက်ရှိအချိန်တွင် ရွာကလေးရွာ အုပ်စုဖြစ်သည့် ဆိပ်ခွန်ကျေးရွာအပါအဝင် ဆိပ်သာ ၊နံ့သာ ၊ ဘိုတည်းကုန်းရွာများမှ ပြည်သူများမှ ထွက်ပြေးနေကြရပြီး ပိတ်မိနေသူများရှိကြောင်း သိရသည်။
CRD-KTNEWS