ရန်ကုန်၊ အောက်တိုဘာ ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် စစ်ကောင်စီအရာရှိနှင့် ဇနီး စီးနင်းလာသော Probox အိမ်စီးကားကို KNU နှင့် သထုံပြည်သူ့ပျောက်ကျား တပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီအရာရှိနှင့် ဇနီးဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးသွားပြီး ပစ္စတိုတစ်လက် သိမ်းဆည်းရမိကြောင်း သိရှိရသည်။
ယနေ့အောက်တိုဘာ ၂၅ ရက်နေ့ တနင်္လာနေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် သထုံမြို့နယ်ထုံးဘိုကြီးရွာရှေ့ တွင် စစ်ကောင်စီ အရာရှိနှင့် ဇနီး စီးနင်းလာသော Probox တစ်စီးကို KNUတပ်မဟာ(၁)နှင့်သထုံပြည်သူ့ပျောက်ကျား(TPG)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးကျဆုံးပြီး ၎င်းတို့ထံမှ Pistol တစ်လက်နှင့် ဖုန်းတစ်လုံးသိမ်းဆည်းရရှိခဲ့ပါသည် သထုံပြည်သူ့ပျောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။
“ သိမ်ဆိပ် ပိန္နဲတောလမ်းမပေါ် ထုံးဘိုကြီးရွာအလွန် KNU နှင့် သထုံပကဖ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်တာပါ။ အရာရှိက ပိန္နဲတောတပ်မှ တပ်ခွဲမှူးနှင့် တပ်ခွဲမှူးကတော် နှစ်ဦးသေပါတယ်။ အတိုတစ်လက်သိမ်းဆည်းနိုင်တယ်လို့ သိရပါတယ်” ဟု TPG နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီအရာရှိကားကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်ရှိတွင် ပိန္နဲတောတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံ ကာကွယ်ရေးတပ်ထံမှ သိရှိရသည်။
source : Khit Thit Media