ရန်ကုန်၊ ဇန်နဝါရီ ၈
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်ရှိ ဧရာဝတီ မြစ်အတွင်း သွားလာနေသည့် အကြမ်းဖက် စစ်ကောင်စီ သင်္ဘောများကို မြို့လှ PDF တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့က ဇန်နဝါရီ ၇ရက်နေ့နှင့် ၅ရက်နေ့တို့တွင် စောင့်ကြိုတိုက် ခိုက်ခဲ့ခြင်းကြောင့် မော်တော် ၁စီး နစ်မြုပ်ပြီး စစ်သား ၅ဝ ထက်မနည်းသေဆုံးခဲ့ကြောင်း မြို့လှ PDF တပ်ဖွဲ့ထံမှ သိရသည်။

ဗန်းမော်မြို့နယ် နတ်ခုတ်ရွာအနီးတွင် ဇန်နဝါရီ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်နှင့် ဘူးတောင်းရွာအနီးတွင် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တို့၌ မြို့လှ PDF တပ်များက ဆီးကြိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ သင်္ဘော၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁ စီးစက်ပျက်ကာ ဘူးတောင်းရွာ၌ ဆိုက်ကပ်ခဲ့ပြီး ယင်းသင်္ဘောမှ စစ်သား အင်အား ၃၀ ဦးခန့်သည် မော်တော် ၃ စီးဖြင့် စက်ပျက်သွားသော သင်္ဘောမှ ကုန်ပစ္စည်းများ ယူ ဆောင်ရန် လာရောက်စဉ် မြို့လှ PDF တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မော်တော် ၁ စီး ထက်ခြမ်းကွဲ နစ်မြုပ်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ဝဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။