ရန်ကုန်၊ အောက်တိုဘာ ၂၅
ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် K.I.A တပ်မဟာ ၂၊ အမှတ် ၄၅ တပ်ရင်းနယ်မြေ၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်ဒေသ၊ တခက်ကျေးရွာအနီး စစ်ရေးလှုပ်ရှားဝင်ရောက်လာသော စစ်ကောင်စီတပ်ကို ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက် ၁၁ နာရီခန့်တွင် K.I.A က မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်မှ စစ်ကားအပြင် စစ်သည်အင်အား ၆၀ ခန့်သည် တနိုင်း လီဒိုလမ်းမပေါ်ရှိ ရှင်ဗွေယန်မြို့မှ တရုန်ဘက်သို့ ထွက်ခွာလာချိန် တခက်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အနီးဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်ထံမှ သိရသည်။
ယနေ့နံနက်တိုက်ပွဲနှင့် ပတ်သက်ပြီး တိုက်ပွဲအသေအဆုံးစာရင်းအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တခတ်ကျေးရွာသို့ ဖြတ်သန်းသွားစဉ် ‘ရွာထဲက ယောကျာ်းတွေ အားလုံးထွက်ခဲ့’ဟု အကြောင်းမဲ့ စိန်ခေါ်သွားကြောင်းလည်း ကချင်သတင်းရင်းမြစ်များတွင် ရေးသားဖော်ပြသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် စက်တင်ဘာလမှ စတင်၍ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၂ နယ်မြေ တနိုင်းမြို့ဘက်သို့ စစ်အင်အား တိုးချဲ့မှုများပြုလုပ်နေခဲ့ပြီး စစ်ကောင်စီတပ်နှင့် K.I.A ကြား လီဒိုလမ်းမတလျှောက် တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့သည်။
Source : Khit Thit Media