ရန်ကုန်၊ အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ MNDAA တပ်ဖွဲ့ဝင်များ ခြေကုပ်ယူထားသော ဆုတောင်းတောင်အား အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကာ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သားအလောင်း ၁၈ လောင်းနှင့် လက်နက်ခဲယမ်းများစွာအား သိမ်းဆည်းရမိကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang တွင် ဖော်ပြသည်။
အောက်တိုဘာလ ၁၉ ရက် ည ၈ နာရီဝန်းကျင်တွင် အင်အား ၄၀ ခန့်ရှိသော စစ်ကောင်စီမှ ဆုတောင်းတောင်အား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ညသန်းခေါင်ယံအချိန်တွင် ကိုးကန့် MNDAA မှ နယ်မြေရှင်းလင်းစဉ် ပုပ်ပွနေသော စစ်ကောင်စီတပ်သားအလောင်း ၁၈ လောင်း၊ MA1 အမျိုးအစား သေနတ် ၄ လက်၊ MA2 အမျိုးအစား သေနတ် ၆ လက်၊ MA4 အမျိုးအစား သေနတ် ၃ လက်၊ ကျည်အိမ် ၁၆ ခု၊ စက်လက်ကျည်အိမ် ၁ ခု၊ ၄၀ မမ အမြှောက် ၅ လက်၊ ၆၀ မမ အမြှောက် ၁ လက်၊ ၆၀ မမ ဗုံးသီး ၁၂ လုံး၊ ၄၀ မမ ဗုံးသီး ၃ လုံး၊ လက်ပစ်ဗုံး ၃၇ လုံး၊ မိုင်း ၃ လုံး၊ ကျည်ဆံမျိုးစုံ ၄၉၃၂ တောင့်၊ ဦးထုပ် ၂ လုံး၊ ခြင်းကြား ၄ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။
ယခင်က တိုက်ပွဲများတွင် မြန်မာစစ်တပ်အနေဖြင့် ကျဆုံးအလောင်းများ၊ လက်နက်များအား ချန်ရစ်ခဲ့ခြင်းမရှိကြောင်း၊ လက်ရှိ မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကောင်စီတွင်မူ အောက်ခြေစစ်သားများသည် စစ်ပန်းနေပြီဖြစ်ကြောင်း၊ ပြန်လည်ဆုတ်ခွာစဉ် လက်နက်များအား အလွယ်တကူ ရည်ရွယ်ချက်ရှိရှိဖြင့် စွန့်ခွာထွက်ပြေးသည်ကို တွေ့ရကြောင်း The Kokang သတင်းဌာနမှ ရေးသားဖော်ပြသည်။
Source – The Kokang / Khit Thit Media