ရန်ကုန်၊ အောက်တိုဘာ ၂၃
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗားကရာချောက်အတွင်းရှိ ယာဉ်ထိန်းရဲကင်းကို ယနေ့ မွန်းလွဲ ၂ နာရီ ၃၆ မိနစ်အချိန် အမည်မသိ လက်နက်ကိုင်တချို့က ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးသွားပြီး ၁ ဦးဒဏ်ရာရရှိသည်ဟု ဒေသသတင်းရင်းမြစ်နှင့်ဒေသခံတချို့ကပြောသည်။
“ ရဲကားတွေ စစ်ကားတွေ ဥဩဆွဲပြီး ဗားကရာချောက်ဘက်ကို တက်သွားတယ်။ အခု လမ်းတွေလည်း ပိတ်ထားတယ် ”
စမ်းချောင်းဒေသခံတစ်ဦး
ဟု စမ်းချောင်းဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် လူငယ်များနှင့်ပြည်သူများအနေဖြင့် ဗားကရာချောက်ဘက်နှင့်စမ်း ချောင်းဘက်သို့ သွားလာခြင်းမပြုကြရန် ဒေသခံ လူငယ်အဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။
အလားတူ ရန်ကုန်မြို့တွင် ACPLF (အဆပလ)အဖွဲ့က ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် တောင်ဒဂုံမြို့နယ်၊ (၂၀) ရပ်ကွက်၊ ဂျိုးဖြူလမ်းနှင့် မောင်းမကန်လမ်းထောင့်ရှိ၊ တောင်ဒဂုံ ဧရာဝဏ်ရဲစခန်းအနီးတွင် စစ်ကောင်စီ၏ရဲတပ်ဖွဲ့ဝင်များကို ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရှိရသည်။
အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့နံနက်အစောပိုင်း ၅ နာရီအချိန်ခန့်မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ လျှပ်စစ်မီတာရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုကို Kyaikhto Revolution Force (KRF) မှ သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။
source – Khit Thit Media