အောက်တိုဘာ ၁၅။
ဖေဖော်ဝါရီအာဏာသိမ်းပြီးနောက် တပ်မတော်သည် နိုင်ငံရေးပြဿနာကို အင်အားသုံးအဖြေရှာသည့် အာဏာရှင်စနစ်သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးခဲ့သည့် ၆ နှစ်ပြည့် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
စစ်အာဏာသိမ်းမှုက NCA အခြေခံမူများအားလုံးအပေါ် ချိုးဖောက်မှုဖြစ်စေကာ NCA အကောာင်အထည်ဖော်ရေးလုပ်ငန်းစဉ်အားလုံးကို ရပ်တန့်စေခဲ့သည်ဟုလည်း KNU က ဆိုသည်
အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဖိနှိပ်မှုပေါင်းများစွာကို ခါးစည်းရင်ဆိုင်နေကြရပြီး နိုင်ငံပြိုလဲပျက်ဆီးလုအနေအထားသို့ ရောက်နေပြီဟုလည်း KNU က သတိပေးထားသည်။
KNU အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေး “မူ” အပေါ်ရပ်တည်သည်ဟုလည်းဆိုသည်။ သို့သော်ဆွေးနွေးမှုဖက်များသည့် ရိုးသားမှုနှင့် သဘောတူညီချက်အပေါ်လိုက်နာရန်ထားရှိရမည့် သန္ဒိဌာန်ခိုင်မာမှုအပေါ်လုံး၀ မူတည်နေသည်ဟု KNU ကဆိုသည်။
ထိုကြောင့် လက်ရှိဆိုးဝါးနေသည့် နိုင်ငံရေးအခြေအနေအား ကယ်တင်နိုင်ရန်အတွက် ဖမ်းဆီးထားသော နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ဖမ်းဆီးခံပုဂ္ဂိုလ်များအားလုံးကို ချွင်းချက်မရှိ လွတ်ပေးရန်၊ နိုင်ငံတဝှမ်းဖြန့်ကျက်ထားသည့် ရဲနှင့် စစ်ဘက်ဆိုင်ရာအဖွဲ့များအားလုံး သက်ဆိုင်ရာ အခြေစိုက်စခန်းများသို့ ပြန်ရန်၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကြေညာရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ နိုင်ငံတကာလူသားခြင်းစာနာထောက်ထားမှုလုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်ခြင်း၊ COVID 19 ရောဂါ ကာကွယ်ကုသရေး အပါအဝင် အခြားသော ဆေးဝါး ကုသမှုဆိုင်ရာ ကန့်သတ်မှုများအားလုံးရုတ်သိမ်းရန်၊ အရပ်သားများ ကာကွယ်ပေးရေးဆိုင်ရာပြဌာန်းချက်များကို ရဲနှင့်စစ်တပ် များလိုက်နာရန် အမိန့်ထုတ်ရန်၊ အရပ်သားများအပေါ်အကြမ်းဖက်မှု ရပ်တန့်ရန်၊ နိုင်ငံတကာ ကြားဝင်စောင့်ကြည့်ရေးလုပ်ငန်းစဉ်ကို ထူထောင်ပြီး အကောင်အထည်ဖော်ရန် KNU က တောင်းဆိုထားသည်။

ထို့အပြင် တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်ရန် တပ်မတော်အနေဖြင့် ဒီမိုကရေစီနိုင်ငံထူထောင်ရေး ကတိပြုမှုကို တရားဝင် ကြေညာချက်ထုတ်ပြန်နှင့်နိုင်ငံရေးတွင် ပါဝင်နေမှုမှ နုတ်ထွက်ကြောင်းကြေညာရန် လည်း အတိအလင်းတောင်းဆိုခဲ့သည်။
စစ်အာဏာပြု အုပ်ချုပ်မှု အားလုံးအဆုံးသတ်နိုင်ရေး အထောက်အပံ့ဖြစ်စေမည့် ကမ္ဘာ့ကုလသမဂ္ဂ မဏ္ဍိုင်ပြု နိုင်ငံတကာစေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို သဘောတူလက်ခံခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ဘက်ပေါင်းစုံမှ အဓိကကျသည့် ကိုယ်စားပြုမှုများပါဝင်သည့် ညီညွတ်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းပြီး အာဏာလွှဲပြောင်းကာ နှစ်ပေါင်း၇၀ ကျော်ကြာမြင့်နေသည့် ပြည်တွင်းစစ်အရင်းအမြစ်ပြ၁သနများနှင့် အကြောင်းတရားများကို ညှိနှိုင်းဖြေရှင်းရေး သဘောတူရန်လည်း KNU က တောင်းဆိုထားသည်။
မြန်မာနိုင်ငံဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ စုံလင်ကွဲပြားမှုနင့် နက်ရှိုင်းစွာဖြင့် လွဲမှားစွာတည်ဆောက်ခြင်းခံရသော လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင် စနစ်အပါအဝင် စနစ်အမျိုးအမျိုးကို ဖက်ဖရယ်နိုင်ငံထူတ်ထာင်ပြီး ဒီမိုကရေစီ စနစ်ကျင့်စဉ်များ လက်တွေ့ကျင့်သုံးခြင်းဖြင့်သာ လက်တွေ ငြိမ်းချမ်းသောလူ့ဘောင်ကို တည်ဆောက်နိုင်မည် ဖြစ်သည်ဟုလည်း KNU က ထုတ်ပြန်ခဲ့သည်။
ဦးသိန်းစိန်အစိုးရ လက်ထက်နှင့် NLD အစိုးရလက်ထက်တွင် NCA လက်မှတ်ထိုးပြီးသော တိုင်းရင်းသား ၁၀ ဖွဲ့ရှိခဲ့ပြီး ယင်းအဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU-KNLA/PC)၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (MNSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး KNU သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ နှင့်အတူ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်တွင် အစောဆုံးလက်မှတ်ရေးထိုးခဲ့သည်။
Burma Associated Press