ဒီဇင်ဘာ – ၇
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သော ဒုရဲချုပ် အောင်နိုင်သူ၏ နေအိမ်ကိုဒီဇင်ဘာ ၆ ရက်နေ့ညနေပိုင်းတွင် ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မန္တလေး (PDF – MDY) က သတင်းထုတ်ပြန်သည်။
ရန်ကုန်မြို့ ကြည့်မြင်တိုင်ဖြစ်စဉ်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် မန္တလေးမြို့ရှိ ဒု-ရဲချုပ် အောင်နိုင်သူ၏ နေအိမ်ကို ဗုံးပစ်တိုက်ခိုက်ခြင်း ဖြစ်ပြီး ထိုသို့ တိုက်ခိုက်ချိန်တွင် ဒု-ရဲချုပ် အောင်နိုင်သူလည်း နေအိမ်တွင် ရှိနေသည်ဟု PDF – MDY နှင့် နီးစပ်သူအချို့က ပြောသည်။

ဒီဇင်ဘာ(၆)ရက် ညနေပိုင်းတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈ရလမ်းနှင့် ၁၄လမ်းဝန်းကျင်ရှိ ဒု-ရဲချုပ် အောင်နိုင်သူ၏ နေအိမ်ကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်ဝင်းအတွင်းရှိ မော်တော်ယာဉ်အချို့ ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက်မှု ရှိ၊မရှိကိုမူ မသိရသေးဟု ဆိုသည်။
Credit #MFP