စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ယာဉ်တန်းကို ယမန်နေ့က မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။ ယင်းမာပင်ခရိုင် ပုလဲဂန့်ဂေါလမ်းပေါ်ရှိ ကန့်ဒေါင့်ကျေးရွာနှင့် လှိုင်းချောင်း တမံလမ်းခွဲကြားတွင် ယမန်နေ့နံနက် ၂နာရီ၃၀မိနစ်အချိန်က စစ်ကောင်စီတပ် ယာဉ်လေးစီးပါးယာဉ်တန်းအား မိုင်းငါးလုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု Pale Joker PDF အဖွဲ့က ပြောသည်။ Pale Joker PDF သည် Pale PDF Headquarters ၏အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်သည်။

“ မနေ့ညက ၆မိုင် ၇ မိုင်ဘက်ကနေသူတို့ ပုလဲဘက်ကို ဆင်းလာမယ်ဆိုပီး သတင်းရတယ်။ အာ့ကြောင့် ကျွန်တော်တို့စောင့်နေတာပေါ့ ။ မနက် ၂နာရီ ၃၀ လောက်ကျတော့ ကျွန်တော်တို့စောင့်နေတဲ့နေရာကို ရောက်လာတယ်။ ကားလေးစီးနဲ့ပေါ့။ အာ့ချိန်မှာ ကျွန်တော်တို့အသင့်ထောင်ထားတဲ့ မိုင်းကို ခွဲလိုက်တာပေါ့။ ပထမဆုံးကားကတော့ လွတ်သွားတယ်။ နောက်က သုံးစီးကို တော့ မိမိရရထိသွားတယ်” ဟု Pale PDF Headquarters အဖွဲ့တာဝန်ရှိသူက မဇ္ဇျိမကိုပြောပါတယ်။ အခင်းဖြစ်ရာနေရာသည် ပုလဲမြို့နှင့် ၁၄ မိုင်ခန့်ကွာဝေးပီး လှိုင်းချောင်းလမ်းခွဲ အနောက်ဘက်နှင့် စစ်ကောင်စီတပ်တပ်စွဲထားသော ကန်းဒေါင့်ကျေးရွာနား ဖြစ်သည်။
OAK/Mizzima – News Credit -Mizzima – News in Burmese