မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးကို ယနေ့ အောက်တိုဘာ ၂၂ ရက် နံနက် ၃ နာရီအချိန်တွင် CAF-MGPDF မကွေးမြို့နယ် တပ်ရင်း(၂) နှင့် King Fighter အဖွဲ့တို့ ပူးပေါင်း၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း CAF-MGPDF အဖွဲ့ဝင်က ပြောသည်။
“ မနက် ၃ နာရီမှာ ချိန်ကိုက်ဗုံးနဲ့ခွဲခဲ့တာပါဗျ။ ထိခိုက်မှုက ရေချိုးခန်းနဲ့ အိမ်သာပါဗျ။ အပြင်ကနေ ချိန်ကိုက်ဗုံးနဲ့ ခွဲတာပါ။ ချိန်ကိုက်ပြီး တပ်ဆုတ်လာခဲ့တာပါခင်ဗျ” ဟု CAF-MGPDF အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိဘဲ ရေချိုးခန်းနှင့် အိမ်သာပျက်စီးခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာလည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁၄ရက်ကလည်း CAF-MGPDF မကွေးမြို့နယ် တပ်ရင်း(၂)၊ King Fighter အဖွဲ့နှင့် ပေါက် PDF (PPDF)အဖွဲ့တို့ပူးပေါင်းကာ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး မြင်းခြံကုန်းကျေးရွာက ဒလန်ဆိုသူ ဦးစိုးသန်း၏ ကုန်စုံဆိုင်အား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။
Source – OAK/Mizzima