၁၃ နိုဝင်ဘာ ၂၀၂၁
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် Kachin Political Interim Coordination Team (KPICT) တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဥက္ကဌ ဦးအောင်ကြည်ညွန့်၊အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်ကြသော ဦးထွန်းမြင့်၊ဒေါ်ဖြူဖြူသင်း၊မိုင်းလမင်းထွန်း နှင့် CRPH အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး KPICTမှဥက္ကဋ္ဌ ဦးတူးရှန်၊အတွင်းရေးမှူး ဦးအင်ဆန်ဂွမ်ဆန်၊တွဲဘက်အတွင်းရေးမှူး ဦးခွန်းအောင် နှင့် ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် KPICT အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း CRPH က သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ရက်စွဲ။ ။၁၃ ရက် နိုဝင်ဘာလ ၂၀၂၁။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် Kachin Political Interim Coordination Team (KPICT) တို့သည် ယနေ့ညနေ ၄ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်ကြသော ဦးထွန်းမြင့်၊ဒေါ်ဖြူဖြူသင်း၊မိုင်းလမင်းထွန်း နှင့် CRPH အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး KPICTမှဥက္ကဋ္ဌ ကျန်မကြားတူးရှန်၊အတွင်းရေးမှူး ဦးအင်ဆန်ဂွမ်ဆန်၊တွဲဘက်အတွင်းရေးမှူး ဦးခွန်းအောင် နှင့် ဗိုလ်ချုပ်ဂွန်မော် အပါအဝင် KPICT အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် ၂ ဖက်သဘောတူချုပ်ဆိုခဲ့သော “ ကြားကာလသဘောတူစာချုပ်” ချုပ်ဆိုပြီးနောက်ပိုင်းတွင် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ဆောင်ရွက်နေမှုများကို အပြန်အလှန် ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။ထို့နောက် နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေးအခြေအနေများ နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။ဆက်လက်ပြီး ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ပုံမှန်တွေ့ဆုံနိုင်ရန်အတွက် အတည်ပြုခဲ့ကြကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
BNN