အောက်တိုဘာ – ၁၄
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ပလိပ်မြို့အထွက်ရှိ ရထားလမ်းတွင် ယနေ့ အောက်တိုဘာ (၁၄)ရက် မနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ရထားပေါက်ကွဲမှုကို စစ်ကောင်စီက လာရောက်စစ်ဆေးချိန် ထပ်မံ ပေါက်ကွဲသဖြင့် စစ်ကောင်စီဘက်တော်သား အနည်းဆုံး (၁၀) ဦး သေဆုံးကြောင်း သတင်းရရှိသည်။
မန္တလေး-ရန်ကုန် ရထားလမ်းပိုင်း ပလိပ်မြို့နှင့် ဆည်ရွာအုပ်စုကြားတွင် ယနေ့ မနက် (၇)နာရီဝန်းကျင်က ရထားလမ်း ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“အဲ့ဒီ ရထားလမ်းမှာ ပထမ မိုင်းတစ်လုံး အရင်ကွဲတယ် ။ ကွဲတော့ စစ်ကာင်စီတွေ လာစစ်ဆေးတာ ။ အဲ့မှာ နောက်တစ်လုံး ထပ်ကွဲတယ် ။ စကစက ဆယ်ယောက်သေတယ် ။ လာတဲ့ သူတွေ အကုန်လုံး လွှင့်ကုန်တာ “ ဟု ဒေသခံတစ်ဦးကပြောသည် ။


အဆိုပါ ရထားလမ်း ပေါက်ကွဲမှုသည် ကျောက်ဆည်ခရိုင်အတွင်း တတိယအကြိမ် ရထားလမ်း ဖောက်ခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ (၅)ရက်ကလည်း မန္တလေးမှ ရန်ကုန်ဘက်သို့ ခုတ်မောင်းလာသည့် စစ်ကောင်စီ၏ ရထားတစ်စီးကို မြစ်သား PDF က ကျောက်ဆည်ခရိုင် မြစ်သားမြို့၏ တောင်ဘက်အထွက် စမာတံတားအနီးတွင် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။
ထို့ပြင် စက်တင်ဘာ (၁၉)ရက်ကလည်း ကျောက်ဆည်မြို့နယ် ပတ္တာရွာအနီးတွင် စစ်ကောင်စီ၏ မန္တလေး-ရန်ကုန် စာပို့ရထားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရသည် ။
Credit – Media ONE