၁၅ အောက်တိုဘာလ ၂၀၂၁
မြန်မာ့အရေး ဆွေးနွေးဖို့ အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အရေးပေါ် အွန်လိုင်း အစည်းအဝေးကို အောက်တိုဘာ ၁၅ရက်မှာ ကျင်းပမယ်လို့ အာဆီယံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဆွေးနွေးမယ့်အချက်တွေထဲမှာ ဒီလ နှောင်းပိုင်းမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံ အတွင်း မြန်မာ့ကိုယ်စားလှယ် ပါဝင်တက်ရောက်ခွင့် ပြုမပြု အပါအဝင် အနေအထားတွေ ပါပါတယ်. အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့က အာဆီယံ ထိပ်သီး ညီလာခံ အတွက် မြန်မာ စစ်ခေါင်းဆောင်ကို မဖိတ်ဖို့ အဆိုပြုခဲ့လို့ စဉ်းစားဆုံးဖြတ်ဖို့ ဝန်ကြီးတွေက မျှော်လင့်ထားပါတယ်။ အာဆီယံအထူးသံတမန်ကို လက်ခံဖို့ စစ်ကောင်စီကို အာဆီယံက ထပ်ပြီး ဆော်သြ ထားပါတယ်။
ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီး အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးညီလာခံမှာ တက်ရောက်ခွင့် မပြုဖို့ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မလေးရှား အစိုးရတို့က အောက်တိုဘာ ၈ရက် မှာကျင်းပတဲ့ အဆင့်မြင့် အာဆီယံ အစည်းအဝေးအတွင်း အဆိုပြုခဲ့ပါတယ်။ အမေရိကန် အစိုးရကတော့ အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွဲတဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်ရင်ခိုင်မာတဲ့ ရပ်တည်ချက် ထားကြဖို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့ကို တိုက်တွန်းခဲ့တယ်လို့ အာဆီယံ သတင်းရင်းမြစ် တရပ်က ပြောပါတယ်။
အရင်အပတ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ပုံမှန်အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒါဟာ ဂုတားရဲ့စ်က အာဆီယံ အဖွဲ့ထဲမှာ စစ်တပ် အရာရှိ ပါနေတာကို မကျေနပ်လို့ဖြစ်တာလို့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းဌာနက အစီရင်ခံပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံဟာ ဆွေးနွေးပွဲ မိတ်ဖက်တွေ ဖြစ်တဲ့ တရုတ်၊ ဂျပန်၊ အမေရိကန်တို့နဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် အာရာဝမ် ယူဆွတ်ဖ်က ပြောပါတယ်။ အထူးသံတမန်အဖြစ် တာဝန်ကို ထမ်းဆောင်ဖို့ မြန်မာ့နိုင်ငံရေး အကြပ်အတည်းအတွင်း ဘက်အားလုံးနဲ့ ဆွေးနွေးဖြန်ဖြေမယ့် မစ္စတာ အာရာဝမ်ဟာ သူ့ရဲ့ မြန်မာနိုင်ငံဆီ လာရောက် လည်ပတ်မယ့် အစီအစဉ်ကို စက်တင်ဘာ နှောင်းပိုင်းက မြန်မာ စစ်ကောင်စီဆီ တင်ပြခဲ့ ပါတယ်။
အဲဒီ အစီအစဉ်ထဲမှာ အာဏာသိမ်းခံ ဒီမိုကရက်တစ် အုပ်စုနဲ့ ဆွေးနွေးဖို့လဲ ပါပါတယ်။ ဒါပေမယ့် စစ်ကောင်စီက သူတို့နဲ့ နီးကပ်တဲ့ နိုင်ငံရေး သမားတွေနဲ့က လွဲရင် တခြားသူတွေနဲ့ တွေ့မယ့် အစည်းအဝေးတွေကို ခွင့်မပြုခဲ့လို့ အင်္ဂါနေ့မှာ လာရောက် လည်ပတ်မယ့် အစီအစဉ် ပျက်စီးခဲ့ပါတယ်။ ဆက်ပြီး ညှိုနှိုင်းနေတုန်းပဲလို့ အာဆီယံ သံတမန် ရင်းမြစ်က ပြောပါတယ်။
ဧပြီလက ဂျကာတာ မြို့တော် မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ သဘောတူခဲ့တဲ့ မူငါးရပ်ကို အကောင်အထည်ဖော်ရေး စစ်ကောင်စီနဲ့ အာဆီယံ အထူးသံတမန်တို့ ဆွေးနွေး နေခဲ့ပါတယ်။ အာဆီယံ မူငါးရပ်က အခွင့်အာဏာ ပေးထားတဲ့ အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့ သက်ဆိုင်ရာ လူအားလုံးနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် ကတိကို ထပ်လောင်း အတည်ပြုတယ်လို့ အာဆီယံ အထူးသံတမန်က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Source – https://www.bangkokpost.com/world/2197819/