ရန်ကုန် ၊ နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်နှင့် မရမ်းကုန်း၊ လှိုင်သာယာ၊ မင်္ဂလာဒုံ မြို့နယ်များတွင် ယနေ့ နိုဝင်ဘာလ ၇ ရက်၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က ရန်ကုန် ၊ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်အတွင်း စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်ခတ်ခံခဲ့ရပြီးနောက် ယင်းပစ်ခတ်သူများအား စစ်ကောင်စီတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးစဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု ဒေသခံတချို့ကပြောသည်။
” ပစ်သံတွေကြားရတယ်ဆိုတာ ဟုတ်တယ် ။ သတင်းပေးဒလန်ကို ပစ်ရာက ဖြစ်တယ်လို့တော့ ကြားတယ်။ သေချာတော့ မသိဘူး။ သေတာ ၊ ဖမ်းမိတာ ၊ ဒဏ်ရာရတာမျိုးတော့ ဘယ်လိုရှိတယ် မသိရဘူး ” ဟု တောင်ဒဂုံ ဘုန်းကြီး ကျောင်းကွေ့မှတ်တိုင်အနီး နေထိုင်သူ တစ်ဦးကပြောသည်။
တောင်ဒဂုံမြို့နယ်၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နည်းတူ ယနေ့ မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများနှင့် ပတ်သက်၍ လတ်တလောတွင် သတင်းအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ထို့အတူ ယနေ့ နေ့လယ်ပိုင်းကလည်း မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုကြောင့် စစ်ကောင်စီလက်ပါးစေအချို့ထိခိုက် ဒဏ်ရာရခဲ့သည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၃) ရပ်ကွက်တွင်လည်း ဒလံဟု သတ်မှတ်ခံရသူတစ်ဦးကို ယနေ့ မနက် ၁၀ နာရီခွဲအချိန်က ၎င်း၏ နေအိမ်ရှေ့တွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရကြောင်းသိရသည်။
Burma Associated Press