ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ၏အမျိုးသမီးများကို ဒီဇင်ဘာလပထမပတ် အ တွင်း စစ်သင်တန်းတက်ရောက်ခိုင်းခဲ့ပြီး သင်တန်းစတက်သည့်နေ့မှာပင် ရဲတပ်ဖွဲ့ဝင်များ၏မိန်းမများက စစ် သင်တန်းတက်ရောက်လိုခြင်းမရှိသဖြင့် ဆန့်ကျင်မှုများပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။
စစ်ကောင်စီ၏ညွှန်ကြားချက်ကြောင့် မအူပင်မြို့နယ်အတွင်းရှိ နယ်မြေရဲစခန်းများအပါ စခန်းများအားလုံးမှ ရဲတပ်ဖွဲ့ဝင်များ၏မိန်းမများ အင်အား ၁၀၀ ဝန်းကျင်ဖြင့် အခြေခံစစ်ပညာနှင့် လက်နက်ငယ်သင်တန်းများစတင်သင်ကြားပေးနေခြင်းဖြစ်ပြီး အများစုမှာတက်ရောက်လိုခြင်းမရှိကြောင်း သိရသည်။

စစ်သင်တန်းအား မဖြစ်မနေဆက်လက်တက်ရောက်ရမည်ဆိုပါက ရဲစခန်းဝန်းအတွင်းနေထိုင်တော့မည်မဟုတ်ဘဲ ရဲလိုင်းခန်းပြင်ပတွင်သာနေထိုင်မည်ဟု ပြောဆိုခဲ့ကြကြောင်း သိရသည်။
” ရဲတွေရဲ့မိန်းမတွေကို စစ်သင်တန်းစပေးတဲ့နေ့က သင် တန်းပေးနေတဲ့သူတွေကို ကျန်းမာရေး၊လူမှုရေး၊စီးပွား ရေးတွေနဲ့ အမျိုးမျိုးအကြောင်းပြပြီးမတက်ချင်တဲ့အကြောင်းဝိုင်းပြောကြတယ် ။မတက်လို့မရဘူးဆိုရင်စခန်းထဲမနေဘူး။အပြင်ထွက်နေမယ်။ မိဘအိမ်တွေပြန်တော့မယ်ဘာညာနဲ့ဝိုင်းပြောကြတာ။” ဟု မအူပင်မြို့ရဲ တပ်ဖွဲ့နှင့်နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
ရဲတပ်ဖွဲ့ဝင်များ၏မိန်းမများက စစ်သင်တန်းတက်ရောက်ရန်ငြင်းဆန်ခဲ့သဖြင့် အဆိုပါစစ်သင်တန်းစတင်သည့်ရက် ၁ ရက်ထဲသာ သင်ကြားခဲ့ပြီး ထပ်မံသင်ကြားခြင်း မရှိတော့ဘဲ သင်တန်းရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ မိန်းမများကို စစ်သားများ၏မိန်းမများအတိုင်း စစ်သင်တန်းပေး၍ လက်နက်တပ်ဆင်တိုက်ခိုက်စေ ရန်ပြင်ဆင်လာခြင်းဖြစ်ပြီး မြို့နယ်အလိုက်ရဲများ၏အစီအစဥ်ဖြင့် စစ်သင်တန်းများပို့ချရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
CRD – SoneMhat