(ဝေနှင်းပွင့်သုန်- Oslo Freedom Forum မှပြောကြားချက်မှ ကောက်နုတ်ချက်)
၇ အောက်တိုဘာ ၂၀၂၁
နိုင်ငံတကာအနေနဲ့ လူ့အခွင့်အရေးကို အမှန်တကယ်တန်ဖိုးထားရင် အာဏာသိမ်းစစ်တပ်အောက်က မြန်မာပြည်သူတွေကို တတ်နိုင်တဲ့ဘက်က အမြန်ကူညီပေးကြဖို့ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ မဝေနှင်းပွင့်သုန်က အမေရိကန်မှာကျင်းပခဲ့တဲ့ Oslo Freedom Forum လူ့အခွင့်အရေးညီလာခံမှာ တောင်းဆိုသွားပါတယ်။

အမေရိကန်နိုင်ငံ မီယာမီမြို့မှာ ဒေသစံတော်ချိန် အောက်တိုဘာ ၅ ရက်နေ့ကကျင်းပခဲ့တာဖြစ်ပြီး အမေရိကန် Human Rights Foundation အဖွဲ့က စီစဉ်ကျင်းပတာဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်ခံနေရတဲ့ နိုင်ငံတွေက ကိုယ်စားလှယ် ၁၆ ဦးကို ရွေးချယ်ဖိတ်ကြားရာမှာ မြန်မာနိုင်ငံကိုယ်စား ရှင်းလင်းတင်ပြဖို့ မဝေနှင်းပွင့်သုန်ကို ဖိတ်ကြားခဲ့တာပါ။

မြန်မာပြည်သူတွေကိုသတ်ဖြတ်နေတဲ့ စစ်လက်နက်ပစ္စည်းတွေဟာ ပြည်ပကပဲ လာတာဖြစ်လို့ နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းရောင်းချကူညီတာတွေ ရပ်ဆိုင်းပိတ်ပင်ပေးဖို့ ဝေနှင်းပွင့်သုန်က တောင်းဆိုပါတယ်။ မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ထောင်ချီရှိတဲ့အထဲမှာ အသက် ၅ နှစ်အရွယ်ခလေးငယ်တွေပါ ပါနေတာကို သူက ထောက်ပြသွားပါတယ်။

အာဏာမသိမ်းခင်ကတည်းက စစ်တပ်ရဲ့လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေမှန်းသိရက်နဲ့ ” မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထိခိုက်မှာစိုးလို့ ဆိုပြီး စစ်ခေါင်းဆောင်တွေကို ICJ မှာ အရေးယူဖို့ကို နိုင်ငံတကာက မသိကျိုးကျွံနေပေးခဲ့ကြောင်းနဲ့ အဲဒီအပေါ်ကို မင်းအောင်လှိုင်က ” နိုင်ငံတကာက ဘာမှမလုပ်နိုင်ဘူးဆိုတဲ့အမြင်” ဝင်လာပြီး အာဏာသိမ်းလိုက်ပြီး မတရားသတ်ဖြတ်မှုတွေကျုးလွန်နေတာလို့ ဝေနှင်းပွင့်သုန်က ပြောပါတယ်။

နိုင်ငံတကာအနေနဲ့ မင်းအောင်လှိုင်ရဲ့အမြင်မှားတယ်ဆိုတာ သက်သေပြကြဖို့လည်း သူကတောင်းဆိုပါတယ်။ မင်းအောင်လှိုင်ဟာ နိုင်ငံတကာကို အထင်သေးခဲ့သလို မြန်မာပြည်သူတွေကိုလည်းအထင်သေးပြီး အာဏာသိမ်းခဲ့တာလို့ သူကပြောပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေဟာ သူထင်သလိုမဟုတ်ပဲ ဒီကနေ့အထိ နည်းမျိုးစုံနဲ့ သူတို့အသက်တွေကိုတောင် စွန့်လွှတ်ပြီး ဆန့်ကျင်တော်လှန်နေတာ အားလုံးမြင်တွေ့ရမယ်လို့လည်း ဝေနှင်းပွင့်သုန်ကပြောပါတယ်။

အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံထားးရတဲ့ သူ့ရဲ့ဖခင် ဦးမြအေးအကြောင်းကိုလည်း ပြောပြသွားပါတယ်။ သူအသက် ၄ နှစ်အရွယ်မှာ (၈၈) ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်လို့ဆိုပြီး ဖခင်ဖြစ်သူ ပထမဆုံးဖမ်းဆီးထောက်ချခံခဲ့ရသလို ၂၀၀၇ မှာ ဒုတိယအကြိမ် ဖမ်းဆီးခံရပြီး ထောင် ၆၅ နှစ်ချမှတ်ခံခဲ့ရကြောင်း သူကပြောပါတယ်။ ဒါပေမယ့် နိုင်ငံတကာဖိအားပေးမှုတွေကြောင့် ၅ နှစ်လောက်ပဲထောင်ထဲမှာ နေခဲ့ရတယ်လို့ ဝေနှင်းပွင့်သုန်က ပြောပါတယ်။

အခုအကြိမ် ဖမ်းဆီးခံရမှုမှာလည်း ဘယ်အချိန်ပြန်လွတ်လာမယ်ဆိုတာ မသိပေမယ့် နိုင်ငံတကာပိတ်ဆို့ဒဏ်ခတ်မှုတွေက ဘယ်လောက်ထိရောက်မယ်ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်လို့ သူကပြောပါတယ်။
သူ့ဖခင်အပါအဝင် ဖမ်းဆီးခံရသူအားလုံးပြန်လွတ်လာဖို့နဲ့ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်တွေအတွက် အသက်စွန့်နေရတဲ့ မြန်မာပြည်သူတွေကို အမြန်ကူညီတဲ့အနေနဲ့ နိုင်ငံတကာကနေ ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူပေးကြဖို့ ဝေနှင်းပွင့်သုန်က တောင်းဆိုသွားပါတယ်။
(ကောက်နုတ်ဖေါ်ပြချက်ဖြစ်ပါသည်)