ဒီဇင်ဘာ ၁၇၊ ၂၀၂၁
ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ်မှာ အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဟာ ကျန်းမာရေး ကောင်းမွန်သူတွေ ဖြစ်ပြီးတော့ ဖမ်းဆီးခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ကိစ္စအားလုံးဟာ စစ် ကောင်စီက တာဝန်ခံရမှာဖြစ်တယ်လို့ မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အိအိပြုံးက သတိပေးလိုက်ပါတယ်။
ဦးဝေလင်းအောင်နဲ့ ဒေါက်တာပြည့်ဖြိုးတို့နှစ်ဦးဟာ လူငယ်ကိုယ်စားလှယ်ဖြစ်ပြီး ဖမ်းဆီးခံရစဥ် ကျန်းမာရေး ကောင်းမွန်စွာရှိတယ်လို့ ဒေါ်အိအိပြုံးက သူမရဲ့ Facebook ကနေ ရေးသားခဲ့ပြီး ဖမ်းဆီးခံရပြီး နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ကိစ္စအားလုံးကို စစ်ကောင်စီမှ တာဝန်ခံရမယ်လို့ သတိပေးထားတာပါ။ ဒေါ်အိအိပြုံးနည်းတူ အခြားသောလွှတ်တော်ကိုယ်စားလှယ်တွေကလည်း အလားတူ သတိပေးမှုတွေ ကို ၎င်းတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားလာကြတာကိုလဲတွေ့ရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ KNU အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ လေးကေ့ကော်မြို့သစ်ကို ဒီဇင်ဘာ ၁၄ရက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး အမတ် ၂ဦး အပါအဝင် လေးကေ့ကော်မှာ ခိုလှုံနေတဲ့ ပြည်သူတွေကို ဖမ်းဆီးခဲ့ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူတွေ၊ မတရားသဖြင့် ပုဒ်မအမျိုးမျိုးတပ် အမှုဖွင့်ခံထားရတဲ့သူတွေ၊ CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုရန်ကြောင့် လေးကေ့ကော်မှာ ခိုလှုံနေကြတာဖြစ်ပါတယ်။
ဒီလိုခိုလှုံနေသူတွေကို စစ်ကောင်စီက အင်အားသုံးဖမ်းဆီးခဲ့လို့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ မြောင်းမြ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်နဲ့ အိမ်မဲအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးတို့ အပါအဝင် ပြည်သူလူထု ၃၀ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ လေးကေ့ကော်ကနေ ထပ်မံ တိမ်းရှောင်နေရတဲ့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
လေးကေ့ကော်မှာ စစ်ကောင်စီက ဖမ်းဆီးသွားသူတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ သုံးရက်ကြာတဲ့အထိ မသိရသေးပါဘူး။
စစ်ကောင်စီရဲ့ အင်အားသုံး စီးနင်းမှုကြောင့် လေးကေ့ကော်ဒေသမှာ စစ်ရေးတင်းမာကာ ဒီဇင်ဘာ ၁၅ရက်က စပြီး KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ရက်နဲ့ ၁၆ရက် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၂၀ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိသလို အရှင်ဖမ်းဆီးရမိသူ ၈ဦး ရှိတယ်လို့သိရပါတယ်။ အဲဒီ ဖမ်းဆီးရမိသူ ၈ဦးကို လေးကေ့ကော် အုပ်ချုပ်ရေးအဖွဲ့က လက်ခံထားပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ကောင်းမွန်စွာ ထားရှိထားတယ်လို့ KNU အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
Public Voice Television