ရန်ကုန်၊ အောက်တိုဘာ ၃၁
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရဲစခန်းကို 44st-UG နှင့်မဟာမိတ်အဖွဲ့က ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်တွင် ပစ်ခတ် တိုက်ခိုက်ကြောင်း 44st-UG အဖွဲ့က ပြောသည်။
44st-UG နှင့်မဟာမိတ်အဖွဲ့အစည်းများက ယနေ့နေ့လည် ၁၂ နာရီ၁၀ မိနစ်အချိန်တွင် လှိုင်မြို့နယ် ရဲစခန်းကို လက်နက်ကြီးဖြင့် လေးချက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး သုံးချက်မှာ စခန်းတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး တစ်ချက်မှာ ကျည်error ကြောင့် မပေါက်ကွဲခဲ့ကြောင်း၊ အထိအခိုက်အပျက်အစီးမသိရသေးကြောင်း 44st-UG အဖွဲ့က ပြောသည်။

“ ပေါက်ကွဲအသံကြီးတော့ ၁၂ နာရီလောက်က ကြားလိုက်ရတယ်။ ၂ ချက်ကြားရတာ။ ဘယ်လိုအခြေအနေဖြစ်တယ်ဆိုတာတော့ သေချာမသိဘူး။ ရဲစခန်းနားမှာတော့ စစ်ဆေးနေတာတွေလည်းတွေ့တယ်။ ရဲစခန်းကို တိုက်ခိုက်တာလားတော့သေချာမသိဘူး။ လှိုင်မြို့မ ရဲစခန်းက ရန်ကုန်-အင်းစိန်ကားလမ်းဘေးဘက် ရန်ကုန်ထဲ တက်တဲ့ အခြမ်းမှာရှိတာ” ဟု လှိုင်မြို့နယ် မီးသတ်အနီးနေထိုင်သူတစ်ဦးကပြောသည်။
လှိုင်မြို့နယ်ဒေသခံတစ်ဦးကမူ “ အင်းစိန်လမ်းမပေါ် သံလမ်းမှတ်တိုင်အနီး တပ်ပိုင်ဘောလီဘောရုံမှာ ပေါက်တာပါ။ လောလောဆယ်တော့ ခွေးတွေအထိ အခိုက် မရှိဖူးလို့ပဲ သတင်းရထားပါတယ်။ ရဲစခန်းမဟုတ်ပါဘူး။ ၂ ချက်ပေါက်တာပါ။ လက်နက်ကြီးမဟုတ်ဖူး ဗုံးပစ်ထည့်သွားတာပါ” ဟု ပြောဆိုသည်။
Source : Khit Thti Media