အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂနှင့် အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုသည့်အပေါ် ကြိုဆိုကြောင်းနှင့် စစ်ကောင်စီကို အသိအမှတ်မပြုရေးကို ဆက်လက် ဆောင်ရွက်ဖို့ NUG သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုင်းအဝိုင်းကို ထပ်မံတိုက်တိုက်တွန်းပြောကြား ခဲ့သည်။
Remarks by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations at the “Averting Catastrophe in Myanmar: COVID 19, Economic Collapse and an Effective International Response” on the margin of G-20 Meeting in Rome, Italy
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
စစ်ကောင်စီအားကုလသမဂ္ဂနှင့် အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုသည့်အပေါ် ကြိုဆိုကြောင်းနှင့် စစ်ကောင်စီအားအသိအမှတ်မပြုရေးကို ဆက်လက် ဆောင်ရွက်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအားတိုက်တွန်းပြောကြား (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်)
၁။ အီတလီနိုင်ငံ၊ ရောမမြို့တွင် မကြာမီကျင်းပမည့် G-20 အစည်းအဝေးနှင့် ဆက်စပ်၍ ၂၇- ၁၀-၂၀၂၁ ရက်နေ့တွင် “Averting Catastrophe in Myanmar: COVID 19, Economic Collapse and an Effective International Response” ခေါင်းစဉ်ဖြင့် Side Event တစ်ခုကို hybrid ပုံစံဖြင့် ကျင်းပခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး နှင့် ဒေါက်တာဝင်းမြတ်အေး၊ Mae Tao ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်တို့နှင့်အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်တက်ရောက် ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုတွင် ပြည်သူ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် ဒေါက်တာနေလင်းထွန်းက COVID-19 နှင့် ပတ်သက်၍ ကုသ စောင့်ရှောက်ပေးမှုနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများအပေါ် စစ်တပ်မှ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်ကာ အဆမတန် အင်အားသုံးဖြိုခွင်းမှုများကြောင့် ထိခိုက်ဒဏ်ရာရသူများ အား ဆေးကုသပေးမှုတို့တွင် ၎င်း၏အတွေ့အကြုံတို့ကို ပါဝင်ဆွေးနွေးပြောကြားခဲ့ပါသည်။
၂။ အဆိုပါဆွေးနွေးပွဲတွင် အီတလီ ဆီးနိတ်အဖွဲ့ဝင်၊ အငြိမ်းစား အီတလီကျန်းမာရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့လည်း ပါဝင်ဆွေးနွေးပြောကြားခဲ့ ပါသည်။
၃။ အမြဲတမ်းကိုယ်စားလှယ်က ပါဝင်ဆွေးနွေးပြောကြားရာတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည် –
- COVID-19 ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုကို ကမ္ဘာ့နိုင်ငံအားလုံးက ရင်ဆိုင် ခဲ့ရပြီး၊ မြန်မာနိုင်ငံသည်လည်း ပါဝင်ကြောင်း၊ ယင်းသို့ အကြပ်အတည်းကာလ၌ပင် လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ကြောင်း၊ မြန်မာပြည်သူလူထုသည် ၎င်းတို့၏ ရင်ဝယ်ကိန်းအောင်းနေသည့် ဒီမိုကရေစီရှင်သန်ထွန်းကားရေး စိတ်အား ထန်သန်မှုကို မဲပြားများမှတစ်ဆင့် သက်သေထူခဲ့ကြောင်း၊
- မြန်မာပြည်သူလူထူ၏ စိတ်ဆန္ဒသဘောထားများကို မျက်ကွယ်ပြု၍ မြန်မာစစ်တပ် သည် ၁-၂-၂၀၂၁ ရက်နေ့တွင် နိုင်ငံ၏အာဏာကို မတရားသိမ်းယူခဲ့ကြောင်း၊ ထိုအချိန်မှစတင်၍ မြန်မာပြည်အနှံ့ရှိှ မြန်မာပြည်သူလူထုသည် စစ်တပ်အား ဆန့်ကျင်ခဲ့ကြပြီး၊ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တောင်းဆိုခဲ့ကြကြောင်း၊ မြန်မာပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုများကို စစ်တပ်က ရက်စက် ကြမ်းကြုတ်သောနည်းလမ်းများဖြင့် တုံ့ပြန်ဖြေရှင်းခဲ့ပြီး၊ အလွန်ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားမျိုးနွယ်မှုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအထိပင် ကျူးလွန်ခဲ့ကြကြောင်း၊
- နိုင်ငံတကာအသိုက်အဝန်းနှင့် အာဆီယံအဖွဲ့အနေဖြင့် မြန်မာစစ်တပ်အား အောက်ပါ အရေးယူမှုများပြုလုပ်နိုင်ရန် တိုက်တွန်းအကြံပြုပါကြောင်း –
(က) ပထမအချက်မှာ နိုင်ငံရေးရာနှင့် သတံမန်ရေးရာကဏ္ဍတို့၌ စစ်အာဏာရှင်အား ဖိအားပေးမှုသည် ထိရောက်သဖြင့် ပိုမိုမြှင့်တင်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မြန်မာ စစ်တပ်နှင့် စစ်ကောင်စီအား အသိအမှတ်မပြုရေးကို နိုင်ငံတကာအသိုက်အဝန်းမှ ဆက်လက် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စစ်ကောင်စီအားကုလသမဂ္ဂနှင့် အာဆီယံ အစည်းအဝေးများတွင် ဆက်လက်ဖယ်ချန်ထားရန်ဖြစ်ကြောင်း၊ လက်ရှိကျင်းပနေ သည့် အာဆီယံအစည်းအဝေးများသို့ စစ်ကောင်စီ၏ ကိုယ်စားလှယ်အား တက် ရောက်ခွင့်မပြုခဲ့ခြင်းနှင့် UN-ASEAN အစည်းအဝေးအား ရွှေ့ဆိုင်းခဲ့ခြင်းသည် စစ်ကောင်စီအား ဖိအားပေးရာ၌ ထိရောက်သည့် သာဓကများဖြစ်ကြောင်း၊
နိုင်ငံတကာအစည်းအဝေးများ၌ မြန်မာပြည်သူလူထုကိုကိုယ်စားပြုမည့် ကိုယ်စားလှယ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်များမှတစ်ဆင့် ပြည်သူလူထု၏ အသံကိုကျယ်ကျယ်လောင်လောင် ကြားသိနိုင်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရအား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်းနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက မကြာမီကြေညာရန် မျှော်လင့်ကြောင်း၊
(ခ) ဒုတိယအချက်မှာ စစ်တပ်အကျိုးစီးပွားအတွက် အထောက်အကူပြုသည့် ငွေကြေး စီးဆင်းမှုများကို ချက်ချင်းရပ်တန့်ရန်ဖြစ်ကြောင်း၊ စစ်တပ်နှင့် ယင်းနှင့်ဆက်စပ် သည့် လုပ်ငန်း၊ အဖွဲ့အစည်းများနှင့် စစ်တပ်မှတာဝန်ရှိသူများအပေါ် ချမှတ်သည့် ပိတ်ဆို့အရေးယူမှုများကို ကြိုဆိုကြောင်း၊ မိမိတို့အနေဖြင့် ပိုမိုပြင်းထန်ထိရောက် သည့် အရေးယူဆောင်ရွက်မှုမျိုးကိုဖြစ်နိုင်ပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ တစ်ဆင့်ချမှတ်သင့်ကြောင်း၊ ငွေကြေးစီးဆင်းမှုဖြတ်တောက်ရာတွင် ဒေသတွင်း နိုင်ငံများမှ ထိရောက်သည့် အရေးယူမှုများပြုလုပ်ရန် အရေးကြီးကြောင်း၊
(ဂ) တတိယအချက်မှာ မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ အာဆီယံ၏ အခန်းကဏ္ဍ သည် အခရာကျသည့် အားလျော်စွာ အာဆီယံအနေဖြင့် မြန်မာစစ်တပ်အား သံတမန်ရေးနှင့် နိုင်ငံရေးဆိုင်ရာဖိအားပေးခြင်းဖြင့် အာဆီယံသည် မြန်မာ ပြည်သူလူထုနှင့် အတူရပ်တည်ကြောင်း ဆန္ဒကို ပြသသင့်ကြောင်း၊ အာဆီယံ နိုင်ငံများအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပွင့်ပွင့်လင်းလင်းထိတွေ့ ဆက်ဆံ ရန် တိုက်တွန်းကြောင်း၊
အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်သည် အရေးကြီးကြောင်း၊ မတရားထိန်းသိမ်းထားသည့် နိုင်ငံခေါင်းဆောင်များနှင့် မတရားဖမ်းဆီးထားသည့်သူများ အား ချက်ချင်းလွှတ်ပေးရန် အချက်သည် အာဆီယံ၏ ဘုံသဘောတူညီချက်တွင် ပါရှိသင့်ကြောင်း၊ ယင်းအချက်အား အာဆီယံအနေဖြင့် အနာဂတ်တွင် ထည့်သွင်း တောင်းဆိုသင့်ကြောင်း၊
ဂျီ-၂၀ ၏ လာမည့်ဥက္ကဋ္ဌမှာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်မည်ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံ ကိစ္စ အပါအဝင် အာဆီယံအတွင်း ရင်ဆိုင်နေရသည့် ပြဿနာများ ဖြေရှင်းရာတွင် ဂျီ-၂၀ ၏ အားကိုရရှိအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊
(ဃ) စတုတ္ထအချက်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသည့် ပြည်သူများထံသို့ နယ်စပ်ဖြတ်ကျော်၍ အကူအညီပေးခြင်းအပါအဝင် အခြား လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အမြန်ဆုံးထောက်ပံ့ပေးနိုင်ရန် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းကြောင်း၊
(စ) နောက်ဆုံးအချက်မှာ မိမိတို့နိုင်ငံသူနိုင်ငံသားများ အတွက် အချိန်သည် လွန်စွာအရေးကြီးကြောင်း၊ မြန်မာ့အရေးအားဖြေရှင်းရန် အာဆီယံ၏ အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း၊ အာဆီယံအဖွဲ့တစ်ခုတည်းဖြင့် မလုံလောက်ကြောင်း၊ နိုင်ငံ တကာအသိုက်အဝန်း၏ တိကျပြတ်သားခိုင်မာသည့် အကူအညီများကို ဆက်လက်လိုအပ်ပါကြောင်း။
၄။ မြန်မာနိုင်ငံနှင့် ပြည်သူများအပေါ် ထောက်ခံပေးသည့် အီတလီနှင့် အီတလီပြည်သူများအပေါ် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးပြောကြားမှုအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အားပူးတွဲဖော်ပြအပ်ပါသည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်၊
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။