ရန်ကုန် ၊ မတ် ၂၃
ကရင်ပြည်နယ်အတွင်း အပစ်အခတ် မဖြစ်စေရေးအတွက် ဒေသတွင်း ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းထားပြီး အဆိုပါ အဖွဲ့၌ ကရင်အမျိုးသား အစည်းအရုံး (KNU) ပါဝင်ရန် အာဏာသိမ်း စစ်ကောင်စီက မတ်လ ၂၃ ရက်တွင် စာပို့ ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ကရင်ပြည်နယ် ဝန်ကြီး ချုပ် ကိုယ်စား ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ဘားအံမြို့ နယ်ရှိ KNU ဆက်ဆံရေးရုံးသို့ ကမ်းလှမ်းစာကို ယနေ့ ပေးပို့ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
အပစ်အခတ် မဖြစ်စေရေးအတွက် ဒေသတွင်း ညှိနှိုင်းရေးအဖွဲ့ကို စစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရက ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ညှိနှိုင်းရေးအဖွဲ့၌ ပါဝင်နိုင်မည့်သူများ၏ အမည်စာရင်းကို ပြန်လည် တင်ပြနိုင်ရန် အကြောင်းကြားခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ စာတွင် ဖော်ပြထားသည်။
ကရင်ပြည်နယ်၌ စစ်ကောင်စီတပ်များနှင့် KNU လက် အောက်ခံ တပ်များကြား စစ်ရေး တင်းမာနေပြီး မကြာ ခဏ တိုက်ပွဲများ ဖြစ်ပွားနေသည့်အချိန်တွင် စစ်ကောင် စီ ဘက်က ညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်ရန် KNU ကို ကမ်း လှမ်းခြင်း ဖြစ်သည်။
ယင်းသို့ ကမ်းလှမ်းစာနှင့် ပတ်သက်ပြီး KNU အနေဖြင့် အကြောင်းပြန် ၊ မပြန် ကိုမူ မသိရှိရသေးပေ။
