၂၂/၅/၂၀၂၂
မေလ ၂၁ ရက် မနေ့က ကျင်းပခဲ့တဲ့ သြစတြေးလျ ရွေးကောက်ပွဲမှာ အာဏာသိမ်း မြန်မာစစ်တပ်ကို ထိထိရောက်ရောက် ဖိအားပေးဖို့ တောာင်းဆိုလာခဲ့တဲ့ အတိုက်အခံ လေဘာပါတီ အနိုင်ရသွားတဲ့အတွက် ပါတီခေါင်းဆောင် Anthony Albanese ဟာ ဝန်ကြီးချုပ်အသစ်ဖြစ်လာတော့မှာပါ။
လက်ရှိ ဝန်ကြီးချုပ် Morrison ကိုယ်တိုင်က သူရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ပြီး လေဘာပါတီခေါင်းဆောင် Anthony Albanese ကို ချီးကျူးစကားပြောခဲ့ပါတယ်။ ဝန်ကြီးချုပ် Morrison ရဲ့ ကွန်ဆာဗေးတစ်အစိုးရဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ အာဏာသိမ်းစစ်တပ်ကို ကိုင်တွယ်ဆက်ဆံရာမှာ ပျော့ညံ့လွန်းတယ်လို့ အတိုက်အခံ ပါတီတွေက တောက်လျှောက် စွပ်စွဲလာခဲ့သလို ပိုမိုထိရောက်တဲ့ ပိတ်ဆို့မှုတွေလုပ်ဖို့ တောင်းဆိုခဲ့တာပါ။
ဒါပေမဲ့ Morrison ရဲ့ ကွန်ဆာဗေးတစ်အစိုးရဟာ အာဏာသိမ်း စကစ ကို ထိရောက်တဲ့ အရေးယူမှုတွေ မလုပ်ခဲ့ဘူးလို့ လေဘာပါတီက ဝေဖန်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်က အကြမ်းဖက် စကစ ခေါင်းဆောင်ကို သွားရောက်တွေ့ဆုံတဲ့အပေါ်လဲ အတိုက်အခံတွေက ဝေဖန်ခဲ့ကြပါတယ်။
လေဘာပါတီရဲ့ ဝေဖန်မှုတွေကြောင့် Morrison ရဲ့ ကွန်ဆာဗေးတစ်အစိုးရဟာ သံအမတ်အဆင့် မထားတော့ဘဲ သံတမန်လျှော့ချတဲ့အနေအထားကို ဆုံးဖြတ်ခဲ့ရတာလို့ သြစတြေးလျ လွှတ်တော်အမတ်တချို့က ပြောပါတယ်။ အခုရွေးကောက်ပွဲမှာ လေဘာပါတီ အနိုင်ရသွားပြီဖြစ်လို့ အာဏာသိမ်း စကစ အပေါ် Morrison အစိုးရထက် ပိုပြီးတင်းမာတဲ့ ဆက်ဆံရေးနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ချမှတ်လိမ့်မယ်လို့ ယူဆရကြောင်းလည်း သြစတြေးလျ အခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။
BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network