ရန်ကုန်၊ အောက်တိုဘာ ၂၄
၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် ပါဝင် ဦးဆောင်နေသူ ဦးဂျင်မီကို ယမန်နေ့ညပိုင်း မြောက်ဒဂုံတွင် ဖမ်းဆီးသွားကြောင်း ဦးဂျင်မီ၏ဇနီးဖြစ်သူက လူမှုကွန်ရက်တွင် သတင်းထုတ်ပြန် ရေးသားထားသည်။
“ 23-10-21ရက်ညပိုင်းမှာ မြောက်ဒဂုံမှာ ကိုဂျင်မီ ကိုစကစ တွေဖမ်းဆီးသွားပါတယ်။ အသက်အန္တရယ်ကိုစိုးရိမ် ပါတယ်။ စကစ ဖမ်းဆီးမှု့နောက်ပိုင်းဖြစ်ပေါ်လာတဲ့အခြေအနေ အားလုံးကိုတာဝန်ယူဖြေရှင်းရမယ်” ဟု ဇနီးဖြစ်သူ မနီလာသိန်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

“ မနေ့ ညနေ ၉ နာရီ မြောက်ဒဂုံမှာ အဖမ်းခံရတယ်လို့ သိရတယ်။ မိသားစုကို အကြောင်းကြားတာလည်း မရှိပါဘူး။ သူတို့က အရေးတယူလုပ်ဆောင်တာလည်း ဘယ်တုန်းကမရှိပါဘူး။ မိသားစုကို ဆက်သွယ်လို့သိရတာမဟုတ်ဘူး။ ကိုယ့်ဟာကိုယ် စုံစမ်းပြီးတော့ သိရှိရတာပါ။ မနေ့ နေ့ခင်းပိုင်းက နောက်ဆုံး အဆက်အသွယ်ရတာပေါ့။ သူက သွေးတိုးရောဂါရှိတယ်။ အသည်းမကောင်းဘူး။ အဓိက ကျမစိုးရိမ်တာက ကျန်းမာရေးဆိုတာထက် စစ်ကောင်စီက အမြဲတမ်းဖမ်းဆီးပြီးသွားလို့ရှိရင် အသက်ရှင်လျက်ရှိတယ်ဆိုတာ ပြန်ကြားရတာ နည်းပါတယ်။ အသက်ရှင်လျက် ရှိတယ်ဆိုရင်တောင် သူတို့ရဲ့ စစ်ကြောရေး စခန်းတွေမှာ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုဒဏ်တွေကို အလူးအလဲခံရတဲ့အတွက် သူ့အသက်အန္တရာယ်ကို အရမ်းစိုးရိမ်ပါတယ်” ဟု ဦးဂျင်မီ၏ ဇနီးဖြစ်သူ မနီလာသိန်းက ပြောဆိုသည်။
ယမန်နေ့ညပိုင်းနှင့် ယနေ့ နံနက်အစောပိုင်းတွင် မြောက်ဒဂုံမြို့နယ်၊ ပင်လုံအိမ် ရာအတွင်းသို့ စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းခဲ့ပြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူတစ်ဦး သေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။
Source : Khit Thit Media