NUG ကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ အရမ်းအရေးကြီးပါတယ်
(Michelle Bachelet ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်အကြီးအကဲ)
BBC World Service IMPACT Program အင်တာဗျူးမှကောက်နုတ်ချက်
၁ အောက်တိုဘာ ၂၀၂၁
မြန်မာနိုင်ငံရဲ့လက်တလောအခြေအနေတွေထဲက အရေးကြီးဆုံးအရာဟာ နိုင်ငံတကာကနေ NUG အစိုးရကို အသိအမှတ်ပြုဖို့ပဲဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်အကြီးအကဲနဲ့ ချီလီသမ္မတဟောင်း Michelle Bachelet က ပြောပါတယ်။ BBC ကမ္ဘာပိုင်း (IMPCT) အင်တာဗျူးစီစဉ်သူ Yalda Hakim နဲ့ စက်တင်ဘာ ၃၀ ရက်နေ့က (Myanmar After The Coup ) ခေါင်းစဉ်နဲ့ မြန်မာပြည်အကြောင်း မေးမြန်းခန်းအထူးအစီအစဉ်မှာပြောဆိုသွားတာပါ။

သူ့အနေနဲ့ ဆုံးဖြတ်ချက်ချပေးနိုင်တဲ့နေရာမှာမရှိပေမယ့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတာကိုမြင်ချင်ရင် ဆွေးနွေးပွဲတွေဖြစ်စေချင်ရင် သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးကို အသိအမှတ်ပြုဆက်ဆံဖို့လိုတယ်ဆိုတာ အမြဲတမ်းပြောနေကြောင်းလည်း လူ့အခွင့်အရေးကော်မရှင်အကြီးအကဲကပြောပါတယ်။
အင်တာဗျူးကို အနှစ်ချုပ်ကြည့်ရင်” ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် ကုလလက်အောက်ခံအဖွဲ့အစည်းအကြီးအကဲတွေက မြန်မာစစ်တပ်ကို ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့ ကြိမ်ဖန်များစွာတိုက်တွန်းပြောနေသလို စစ်တပ်အာဏာသိမ်းမှုကြောင့်လွတ်လပ်ဖန်တီးမှုတွေဆုံးရှူံးသွားရတဲ့ မြန်မာလူငယ်တွေကလည်း နိုင်ငံတကာကို ထပ်တလဲလဲအကူအညီတောင်းခဲ့ကြကြောင်း- ဒါပေမယ့်ကြန့်ကြာနေတဲ့အဆုံးမှာ မြန်မာလူငယ်တွေက သူတို့နည်းသူတို့ဟန်နဲ့ လက်နက်ကိုင် တော်လှန်တိုက်ယူဖို့ ဖြစ်လာရာကနေ ပြည်တွင်းစစ်ဆီကို ဦးတည်နေပြီ” လို့ ဆွေးနွေးသုံးသပ်သွားတာတွေ့ရပါတယ်။