၈ အောက်တိုဘာ ၂၀၂၁
NUG နဲ့ CRPH ကို မြန်မာနိုင်ငံရဲ့ တခုတည်းသော တရားဝင်ကိုယ်စားပြုအဖွဲ့တွေအဖြစ် ဥရောပပါလီမန်က အောက်တိုဘာလ (၇) ရက်နေ့ မနေ့က မဲခွဲ အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေတွေကို ဆွေးနွေးဆုံးဖြတ်ရာမှာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူအားလုံးပြန်လွှတ်ပေးဖို့နဲ့ ပြည်သူတွေအပေါ်အကြမ်းဖက်တာတွေရပ်ဆိုင်းဖို့ အာဏာသိမ်းစစ်တပ်ကို တောင်းဆိုထားပါတယ်။

NUG နဲ့ CRPH ကို ပဲ မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားပြုအဖွဲ့အဖြစ်ထောက်ခံကြောင်းလည်း ဆုံးဖြတ်ချက်မှာဖေါ်ပြပါတယ်။ အဲဒီအတွက် အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်တည်ဆောက်ရေးအတွက်ဆောင်ရွက်ရာမှာ NUG နဲ့ CRPH ကို အသိအမှတ်ပြုခေါ်ယူဆွေးနွေးရမှာဖြစ်သလို NUG/ CRPH နဲ့ အမြဲဆက်သွယ်ဆောင်ရွက်ကြဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ပါလီမန်မှာ မနေ့ကမဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ (၆၄၇) မဲ ကန့်ကွက်မဲ (၂) မဲ ပျက်ကွက်မဲ (၃၁) မဲနဲ့ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။


ပါလီမန်ဆုံးဖြတ်ချက်ကို ဥရောပကောင်စီ၊ အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် တရုတ်နဲ့ရုရှားအစိုးရတွေဆီကိုပါပေးပို့ဖို့လည်း မနေ့က ဥရောပပါလီမန်က သတင်းထုတ်ပြန်ပါတယ်။
BNN