၁၃ အောက်တိုဘာ ၂၀၂၁
သတင်းသမားတွေကို ကူညီပေးနေတဲ့ လန်ဒန် အခြေစိုက် the Rory Peck Trust က နှစ်စဉ်ရွေးချယ်ပေးတဲ့ the Rory Peck Awards ၂၀၂၁ ခုနှစ် ဆုပေးပွဲ နောက်ဆုံး ဆန်ကာတင် အဆင့်မှာ မြန်မာ့နွေဦးတော်လှန်ရေးကို ရိုက်ကူးထားတဲ့ ရုပ်သံသတင်းမှတ်တမ်းတစ်ခုနဲ့ သတင်းဓာတ်ပုံ ဗီဒီယို သမားတစ်ဦးပါဝင်ပါတယ်။
the Rory Peck Awards ကို ၄ မျိုးခွဲခြားပေးရာမှာ သတင်းထောက်ဆုအမျိုးအစားအတွက် နောက်ဆုံးဆန်ကာတင် ၃ ဦးမှာ နွေဦးတော်လှန်ရေးကို စွန့်စားရိုက်ကူးခဲ့တဲ့ အမည်ဖေါ်ပြထားခြင်းမရှိတဲ့ မြန်မာသတင်းထောက်တဦးပါဝင်ပါတယ်။

ရုပ်သံသတင်းမှတ်တမ်းဆုအမျိုးအစားအတွက် နောက်ဆုံးဆန်ကာတင် ၃ ကားမှာ ကချင်နဲ့ကရင်ဒေသခံသတင်းသမား ၃ ဦးရိုက်ကူးထားတဲ့ Myanmar: An Uneasy Alliance ဆိုတဲ့ ” လူငယ်တွေရဲ့ လက်နက်ကိုင်တော်လှန်ရေး” ကို ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းပါဝင်နေတာဖြစ်ပါတယ်။

the Rory Peck ဆုဟာ စစ်မြေပြင်အလွတ်ရုပ်သံသတင်းထောက် အိုင်းရစ်လူမျိူး Rory Peck ကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၉၅ ခုနှစ်ကစပြီး ရွေးချယ်ပေးအပ်တဲ့ဆုဖြစ်ပါတယ်။ Rory Peck ဟာ ပင်လယ်ကွေ့စစ်ပွဲ အာဖဂန်နစ္စတန်စစ်ပွဲ ဘော့စနီးယားစစ်ပွဲတွေမှာ ရုပ်သံသတင်းတွေရိုက်ကူးတင်ဆက်ရင်း ကမ္ဘာကျော်လာတဲ့ သတင်းထောက်ပါ။ ၁၉၉၃ ခုနှစ် ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ သတင်းရိုက်ကူးရင်း အဲဒီအချိန်က ရုရှားသမ္မတယဲ့လ်ဆင်ရဲ့အထူးတပ်ဖွဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူဖြစ်ပါတယ်။


သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ လန်ဒန်မှာ the Rory Peck Trust ကို ဖွဲ့စည်းထူထောင်ခဲ့ပြီး ကမ္ဘာတဝှမ်းက အလွတ်သတင်းထောက်တွေကို ကူညီနေသလို the Rory Peck Awards ပါ နှစ်စဉ် ဆုချီးမြှင့်လာခဲ့တာဖြစ်ပါတယ်။
the Rory Peck Trust ဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့လို့ ဒုက္ခရောက် အခက်တွေ့ခဲ့ရတဲ့ သတင်းထောက်တော်တော်များကို ကူညီပေးခဲ့တဲ့အဖွဲ့လည်းဖြစ်ပါတယ်။
BNN