၂၀ ဇန်နဝါရီ ၂၀၂၂
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son ဟာ ကမ်ဘောဒီးယားအစိုးရဖိတ်ကြားချက်အရ မနေ့ညပိုင်းက ဖနွမ်းပင်ကို ရောက်ရှိလာပါတယ်။ မြန်မာ့အရေးကိုင်တွယ် မှုနဲ့ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေဖြသ်ပေါ်နေပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးရွှေ့ဆိုင်းလိုက်ရတဲ့အပေါ် အဓိကထားဆွေးနွေးဖို့ရှိတယ်ဆိုပါတယ်။ ကမ်ဘောဒီးယားအနေနဲ့ အဖွဲ့ဝင်နိုင်ငံတချို့ရဲ့ ထောက်ခံအားပေးမှုတွေကို အရေးတကြီးလိုအပ်နေတယ်လို့လည်း ဖနွမ်းပင်အခြေစိုက်သံတမန်တွေက သုံးသပ်ပါတယ်။
အင်ဒိုနီးရှား မလေးရှား ဖိလစ်ပိုင်နဲ့ စင်ကာပူနိုင်ငံတွေက သူတို့သဘောထားတွေကို နိုင်ငံတကာသိအောင်ပြောပြထားပြီးဖြစ်လို့ ကမ်ဘောဒီးယားအနေနဲ့ လာအို ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေရဲ့ လူသိထင်ရှား အားပေးထောက်ခံမှုတွေရဖို့ အရေးပေါ် လုပ်နေရပုံရှိတယ်ဆိုပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်အနေနဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာအာဏာသိမ်းခေါင်းဆောင်တက်ခွင့်ရစေရမယ်လို့ နေပြည်တော် ခရီးစဉ်မှာ စကားကျွံခဲ့တဲ့ပုံရှိတယ်လို့လည်း သုံးသပ်ကြပါတယ်။ အကြောင်းအမျိုးမျိုးပြပြီး အစည်းအဝေး လာမတက်တဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရှိသလို လာချင်တဲ့နိုင်ငံခြား ရေးဝန်ကြီးတွေ လည်းရှိ တယ်ဆိုတာကို အာဆီယံမိတ်ဖက်နိုင်ငံတွေကို ပြသဖို့ ကျိုးစားတာလည်းဖြစ်နိုင်တယ်လို့ တချို့က ယူဆပါတယ်။ အဲဒီအတွက် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးကို ဖနွမ်းပင်ကို ဖိတ်ခေါ်တာဖြစ်မယ်လို့ သုံးသပ်နေကြပါတယ်။
BNN/ဖနွမ်းပင်