မုံကိုး ၊ ဒီဇင်ဘာ ၂၀
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA(ကိုးကန့်) မုံးကိုးရှိ မန်ရန်တပ်စခန်းကို ဒီဇင်ဘာ လ ၁၉ ရက်နေ့ ကုန်းကြောင်း၊ လေကြောင်းတို့ဖြင့် အပြင်းအထန် ထိုးစစ်ဆင်သော် လည်း စစ်တပ်ဘက်မှ ၇၀ ကျော်သေဆုံးပြီး ဆုတ်ခွာ သွားကြောင်း The Kokang က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၉ ရက်နေ့တွင် တိုက်လေယာဉ်များ အပါအဝင် စစ်ကြောင်း ၃ ခုဖြင့် တို်ကခိုက်ခဲ့ကြောင်း၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်သည့်အပြင် ကုန်း ကြောင်းမှလည်း မြေပြင်အင်အား များစွာဖြင့် တိုက်ခိုက်ကြောင်း သိရှိရသည်။
မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မြန်မာစစ်တပ်မှ သံချပ်ကာယာဉ်များ အပါအဝင် အမြှောက်မျိုးစုံ အသုံးပြု၍ အကြိမ်ရေ ၁၅၀၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်များက စစ်ကောင်စီတပ်ကို ချေမှုန်းတိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ ၇၀ ကျော်သေဆုံးကြောင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်မှ MG-3နှင့်လက် နက်ကြီးများ သိမ်းဆည်းရမိကြောင်း The Kokang က သတင်းဖော်ပြသည်။
အလားတူ ဧရာ၀တီ သတင်းဌာနတွင် MNDAA ပြန်ကြားရေးတာဝန်ခံကို မေးမြန်းထားသည်မှာ
MNDAA ပြန်ကြားရေး က “ကျနော်တို့က စစ်ကောင်စီကို အရင်ကတည်းက တိုက်လာတာဆိုတော့ ဘယ်လိုတိုက်ရမလဲသိပါတယ်။ အရင်ကတော့ အခုလို လက်နက်ကြီးနဲ့ပစ်ရင် ခံရတာပေါ့။ အခုကတော့ စစ်ရေးအတွေ့အကြုံတော်တော်ရှိလာပြီဆိုတော့ ဘယ်လိုရှောင်ရမယ်ဆိုတာ သိလာတာပေါ့။ ဒါကြောင့် လက်နက်ကြီးတွေနဲ့ ဖိပစ်နေပေမယ့်လည်း ကျနော်တို့ဘက်က ရှောင်နိုင်တာပါ” ဟု ပြောသည်။
ဆက်လက်၍ ဧရာ၀တီ သတင်းဌာနက တရုတ်နိုင်ငံ ယူနန်ပြည်နယ် အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကို ဆက်သွယ်မေးမြန်းရာတွင်လည်း ၎င်းက “စစ်တပ်က သူတို့ရဲ့ ပျက်ပြားနေတဲ့ စိတ်ဓာတ်ကို ထိန်းညှိဖို့အတွက် အလွယ်တကူ ရနိုင်မယ့် စခန်းတွေဘာတွေ ၊ အနည်းဆုံး စိတ်ဓာတ်ရေးရာ မြှင့်ပေးနိုင်မယ့် ဝါဒဖြန့်ချီရေး လုပ်ပေးနိုင်မယ့် အားနည်းတဲ့ တိုင်းရင်းသား အဖွဲ့တွေကို စမ်းတိုက်ကြည့်တဲ့ သဘောပါပဲ” ဟု ဆိုသည်။
သို့သော်လက်တွေ့ တွင် MNDAA ကို လုံးဝရှင်းလင်းပစ်နိုင်ရန် မလွယ်တော့ကြောင်း ဒေါက်တာလှကျော်ဇောက ပြောသည်။
၎င်းကဆက်၍ “ဗမာ့တပ်မတော်က အနှစ် ၂၀ လောက်မတိုက်ဘဲနေတာဆိုတော့ စစ်စွမ်းရည်က ကျနေတယ်။ စစ်တပ်က လက်နက်ပဲ ဝယ်စုတာ။ စစ်ရေးနည်းဗျူဟာတို့ နည်းပညာတို့ကိုဘာမှ မြှင့်တာမရှိဘူး။ စစ်တပ်က တပ်မှူးတွေကလည်း ငွေရှာဖို့ပဲ စဉ်းစားနေတာ။ တကယ်တိုက်ခိုက်ရေး ကျွမ်းတဲ့သူတွေကလည်း မရှိတော့ဘူး။ အဲဒါကြောင့် မြေပြင်မှာ သူတို့က မတိုက်နိုင်ဘဲ လေယာဉ်နဲ့ တိုက်တာပေါ့။ စစ်တပ်က တော်တော်ဖရိုဖရဲ ဖြစ်နေပုံရပါတယ်” ဟု ဆိုသည်။
လာမည့် ရက်ပိုင်းအတွင်း စစ်တပ်က ထပ်မံထိုးစစ်ဆင်လာမည်ဖြစ်သဖြင့် တိုက် ပွဲများပြင်းထန်လာမည်ဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ကိုးကန့်တပ်မတော်MNDAA
REF: TheKokang/Irrawaddy Burmese