အောက်တိုဘာ၊ ၂၈ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကို အောက်တိုဘာလ ၂၇ ရက်နေ့က ပရာဟာမြို့၌ ဖွင့်လှစ်ခဲ့သည်။ ရုံးခန်းဖွင့်ပွဲအခမ်းအနားသို့ ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူ့အခွင့်အရေးနှင့်အသွင်ကူးပြောင်းရေး ပေါ်လစီဌာနညွှန်ကြားရေးမှူး မစ္စတာ DAVID ČERVENKA က ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

မစ္စတာ DAVID ČERVENKA က မြန်မာကိုယ်စားလှယ်ရုံးဖွင့်ပွဲ ကျင်းပနိုင်ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ချက်သမ္မတနိုင်ငံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအား ဆက်လက်ပံ့ပိုး အားပေးကူညီသွားမည်ဖြစ်ပြီး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးတို့အတွက် ဘဝများနှင့်ရင်းကား ကြိုးစားလှုပ်ရှားနေကြသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့်အတူတကွ ချက်သမ္မတနိုင်ငံအနေဖြင့် ရပ်တည်သွားမည်ဟု ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ချက်သမ္မတနိုင်ငံတွင် ခေတ္တ ရောက်ရှိနေသော NUG ၏ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း၊ မြန်မာ့အရေး အားပေးကြသော ချက်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြသည်။
D-WAVE