• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

စနေ, ဇူလိုင် 2, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

3 ပတ် ago
Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း
0
SHARES
114
VIEWS

BNN

၈/၆/၂၀၂၂

(Mr. X သည် မြန်မာ အပါအ၀င် အာဆီယံနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး အာဆီယံ အခြေစိုက် စီးပွါးရေး ကုမ္ပဏီကြီးတခု၌ လက်ရှိ အကြံပေးတာ၀န်ယူနေသူတဦးဖြစ်ပါသည်။)

(BNN) “ မြန်မာနိုင်ငံနဲ့ ယူကရိန်းအကြောင်း လွန်ခဲ့တဲ့ နှစ်လကျော်က မေးခဲ့ဖူးပါတယ်။ အခု လက်ရှိ အခြေအနေတွေက အရင်နဲ့တူတာ ရှိသလို၊ မတူတာတွေ၊ စိတ်ဝင်စားစရာတွေလည်း ရှိနေတယ် ထင်ပါတယ်။ အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုတာလည်း အရင်ပြောပါရစေ။

“ (Mr. X) “ ကျနော်သိသလောက် မျှဝေခွင့်ရလို့လည်း ကျေးဇူးတင်ပါတယ်။

“ (BNN) “ အားလုံးက ‘ယူကရိန်းမှ ယူကရိန်း’ ဖြစ်နေကြတာဆိုတော့ ယူကရိန်းကပဲ စချင်ပါတယ်။ အခု ရုရှားက ကျူးကျော် တိုက်ခိုက်နေတာ သုံးလကျော်လာပါပြီ။ ဘာဖြစ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ယူကရိန်းစစ်ပွဲ မြန်မြန် အဆုံးသတ်အောင် ဒါမှမဟုတ် ယူကရိန်းတွေ အနိုင်ရအောင် မကူညီတာလဲ။ အလားတူ ရုရှားကရော ဘာကြောင့် အနိုင်မတိုက်နိုင်တာလဲ။”

(Mr. X) “ သင်္ချာနည်းနဲ့ တွက်ချက်မယ်ဆိုရင်တောင် အဖြေက နှစ်မျိုးထွက်နိုင်တဲ့ အခြေအနေပါ။ ရုရှားနဲ့ ယူကရိန်းပဲ တိုက်ကြမယ်ဆိုရင် အင်အားသာတဲ့ ရုရှားကအနိုင်ရမဲ့ အဖြေ။ ယူကရိန်းဘက်က အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ကူတိုက်မယ်ဆိုရင် အရည်အသွေးသာတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက နိုင်နေပြီဆိုတဲ့အဖြေ ထွက်မှာပါ။ ဒါပေမဲ့ အခုအခြေအနေက ရုရှားနဲ့ ယူကရိန်းတင် တိုက်နေတာမဟုတ်သလို အနောက်အုပ်စုက ယူကရိန်းဘက်က အမှန်တကယ် ဝင်တိုက်တဲ့ အဆင့်လည်း မဟုတ်ပြန်ဘူး။ လက်နက်၊ ငွေကြေးနဲ့ သံတမန်ရေးရာ၊ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့တာလောက်ပဲ ရှိသေးတယ်။ အဖြေထွက်ဖို့ ခက်နေတဲ့ အခြေအနေပါ။”

(BNN) “ တချို့က ပြောနေသလို အမေရိကန်က အနောက်ဥရောပကို အသုံးချပြီး ယူကရိန်းကို ကြားခံစစ်ပွဲ ဖန်တီးရုံပဲဆိုတဲ့ အခြေနေမျိုးလို့ ပြောချင်တာလား။”

(Mr. X) “ ကြားခံစစ်ပွဲ ဖန်တီးရုံပဲလို့ ပြောနေတာက နိုင်ငံရေး စစ်ရေး နားမလည်သူတွေဖြစ်ပါလိမ့်မယ်။ ဥရောပနိုင်ငံရေးနဲ့ အခင်းအကျင်းကို သေသေချာချာ မသိသူတွေပဲဖြစ်ပါလိမ့်မယ်။ အမေရိကန်နဲ့ အနောက် အုပ်စုအတွက် ယူကရိန်းကို ကြားခံစစ်ပွဲနေရာအဖြစ် ဖန်တီးစရာမလိုပါဘူး။ ရုရှားနဲ့ နယ်နမိတ် ထိစပ်နေတာက ဥရောပအရှေ့ခြမ်းမှာ ယူကရိန်းတင် မဟုတ်ပါဘူး။ ဘောလတစ်နိုင်ငံတွေ ရှိနေပါတယ်။ အဲဒီနိုင်ငံတွေကNATO အဖွဲ့၀င် EU အဖွဲ့ဝင် ဖြစ်နေတဲ့နိုင်ငံတွေပါ။ ယူကရိန်းကိုလည်း NATO ထဲ၊ EU ထဲ ဆွဲထဲ့ချင်ရင် ထဲ့ထားလိုက်လို့ ရတဲ့အနေအထားပါ။”

(BNN) “ ဒါဆိုရင် ဘာဖြစ်လို့ ဆွဲမထဲ့ဘဲ အခုလို ဖြစ်နေရတာလဲ။”

(Mr. X) “ ဒီနေရာမှာ ဆိုဗီယက်ပြိုကွဲမှုသမိုင်းနဲ့ ဥရောပနိုင်ငံတွေရဲ့ သမိုင်းက စပြောမှ ရမယ် ထင်ပါတယ်။ ဆိုဗီယက် ကွန်မြူနစ် ပြိုကွဲပြီး လွတ်လပ်တဲ့နိုင်ငံတွေ ဖြစ်လာချိန်မှာ ယူကရိန်းဟာ အင်အား အတောင့်တင်းဆုံးနိုင်ငံပါ။ ဆိုဗီယက်ခေတ်က နျူကလီးယား စက်ရုံတွေ၊ နျူကလီးယား လက်နက်တွေ အများဆုံး ရှိခဲ့တဲ့နေရာ ဖြစ်သလို စစ်လက်နက် ထုတ်လုပ်တဲ့ စက်ရုံတွေ ရှိခဲ့တဲ့နေရာပါ။ ဆိုဗီယက်ပြိုကွဲချိန်မှာ နျူကလီးယားလက်နက်တွေကလွဲရင် ကျန်တာအားလုံး ယူကရိန်းက အမွေဆက်ခံရခဲ့တယ်။ အခု NATO ဖြစ်နေတဲ့ ဆိုဗီယက်ခွဲထွက်နိုင်ငံတွေ၊ ဆိုဗီယက် လက်အောက်ခံ နိုင်ငံတွေထက် စစ်ရေးနဲ့ စစ်လက်နက်ပိုင်းမှာ အင်အားအတောင့်တင်းဆုံးနိုင်ငံဖြစ်နေတယ်။ “ ခင်ဗျားတို့ မြန်မာအပါအဝင် နိုင်ငံအများအပြားကို စစ်လက်နက်တွေတောင် တင်ပို့ရောင်းချနိုင်ခဲ့တဲ့ နိုင်ငံပါ။စစ်လက်နက် ရောင်းချတယ်ဆိုကတည်းက နည်းပညာပိုင်းမှာလည်း တခြားနိုင်ငံတွေထက် မြင့်နေတာပေါ့။ ဥရောပသမိုင်း ယဥ်ကျေးမှုမှာဆိုရင် မြို့တော် ကိယက်ဗ်က ထိပ်ဆုံးကပဲလေ။ “ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ ဆိုဗီယက်နိုင်ငံရေးပုံစံကိုပါ အမွေဆက်ခံခဲ့ရတဲ့ ပြဿနာပါ။ နိုင်ငံသာ အသစ်ဖြစ်လာချိန်မှာ နိုင်ငံကို ဦးဆောင်အုပ်ချုပ်မဲ့သူတွေက ဆိုဗီယက် ကွန်မြူနစ် အာဏာရှင်ဟောင်းတွေ ဖြစ်ခဲ့ရတာပဲ။ အက်စတိုးနီးယားတို့ လစ်သူယေးနီးယားတို့လို အာဏာရှင် ကွန်မြူနစ်စနစ်ကို ခါးသီးသွားတဲ့ အနေအထားမျိုး မဟုတ်ဘဲ ခေတ်ဟောင်းလိုလို၊ ခေတ်သစ်လိုလိုနဲ့ ကြားထဲမှာ ရောက်နေခဲ့ရတယ်။ ဆိုဗီယက် နျူကလီယားလက်နက်အရေး ဖြေရှင်းရင်းနဲ့ အနောက်အုပ်စုထက် ရုရှားနဲ့က ပိုနီးစပ်နေတယ်။ “ ဒီမိုကရေစီစနစ်ကို ဦးတည်လိုတဲ့ မျိုးဆက်သစ် ခေါင်းဆောင်တွေ မရှိခဲ့ဘူး။ ဆိုဗီယက်ပြိုကွဲစမှာ ပေါ်ထွက်လာတဲ့ အိုလီဂါ့ချ် (oligarch -ခေတ်ပျက်သူဌေး) တွေနဲ့ ကွန်မြူနစ်ပျက် အာဏာရှင်တွေပဲ ဦးဆောင်တာ ခံခဲ့ရတဲ့နိုင်ငံပါ။ ရုရှားနိုင်ငံတော်သစ်လိုပဲ နိုင်ငံရေးပါတီတွေ ထောင်ကြပေမဲ့ ရုရှားလိုပဲ အာဏာရှိသူတွေနဲ့ ခေတ်ပျက်သူဌေးတွေကပဲ ချယ်လှယ်ခဲ့ကြတာပါ။ ပြောရရင် သူများ ဒီမိုကရေစီဆိုလို့ လိုက်ပြီးလုပ်ကြပေမဲ့ လက်တွေ့မှာက အာဏာ အလွဲသုံးစားလုပ်သူနဲ့ ခေတ်ပျက်သူဌေးတွေရဲ့ရုရှားဒီမိုကရေစီပုံစံ ဖြစ်နေခဲ့ရတဲ့အချက်ပါ။ 

“ပိုဆိုးတာက ဂျာမဏီ အရှေ့ပိုင်း (အရှေ့ဂျာမဏီ) က နာဇီဝါဒလို လက်ယာစွန်းဂိုဏ်းတွေလည်း ခေါင်းထောင်လာ တယ်။ အဲဒါကို တခြား ဆိုဗီယက်ခွဲထွက်နိုင်ငံတွေက ကြောက်ကြတယ်။ အနောက်တိုင်း ဒီမိုကရေစီစံနှုန်း ကျင့်သုံးတဲ့ ဥရောပနိုင်ငံတွေကလည်း ကြောက်တယ်။ တချို့ဥရောပနိုင်ငံတွေ အထူးသဖြင့် ဂျာမဏီ နိုင်ငံရေးသမားတွေကလည်း ယူကရိန်းကို သမိုင်းကြွေးအရကို မနှစ်သက်ဘူး။ မြေအောက် သယံဇာတ ကြွယ်ဝတဲ့ ယူကရိန်း အားကောင်းလာမှာ လည်း ကြောက်တယ်။ ဟစ်တလာရဲ့ နာဇီတပ်တွေကို ကြိုဆိုခဲ့သလို ဟစ်တလာနဲ့ နာဇီတပ်တွေကို အသေခံ အမြစ်ဖြုတ်ခဲ့တာကလည်း ယူကရိန်းတွေဆိုတော့ အဲဒီသမိုင်းကြောင်းကလည်း ယူကရိန်းဟာ ဂျာမဏီနဲ့ ရုရှားအကြား ကြားညပ်နေခဲ့ရတဲ့နိုင်ငံလို့ ကျနော်တို့က မြင်ပါတယ်။ ယူကရိန်းကို EU နဲ့ NATO အဖွဲ့၀င် မဖြစ်အောင် ဟန့်တားခဲ့တာကလည်း ဂျာမဏီပါပဲ။  ဥရောပနိုင်ငံတွေကြားက သံသယတွေကြောင့် အလွယ်တကူ ဆွဲထဲ့ခဲ့လို့ မရခဲ့တာလို့ ကျနော်ပြေချင်ပါတယ်။”

(BNN) “ ဂျာမဏီလို နိုင်ငံတွေကြောင့် ယူကရိန်းကို အနောက်အုပ်စုထဲ ဆွဲထဲ့လို့ မရခဲ့တာလို့ ပြောချင်တာလား။”

(Mr. X) “ ကျနော် အဲဒီလိုပဲ ပြောတာပါ။ အခု ရုရှားက ကျူးကျော်စစ် ဆင်နွှဲနေချိန်မှာတောင် ယူကရိန်းကို ကူညီဖို့ တွန့်ဆုတ်နေတာဟာ ဂျာမဏီပါ။ ဂျာမဏီသမ္မတ ကိယက်ဗ်ကို လာမယ်ဆိုတာတောင် ယူကရိန်းသမ္မတက လက်ခံတွေ့ဆုံဖို့ ငြင်းခဲ့တာလည်း ခင်ဗျား မှတ်မိမှာပါ။ အရင် ဂျာမဏီဝန်ကြီးချုပ်ဟောင်းဆိုရင် လက်ရှိ ပူတင်ရဲ့ ရေနံကုမ္ပဏီမှာ ဘုတ်ဒါရိုက်တာ တာဝန်ယူထားဆဲပါ။ တဖက်မှာလည်း ပူတင်က ယူကရိန်းကို နာဇီတွေလို့ ထပ်တလဲလဲ သုံးနေတာဟာ ဂျာမဏီကို ဝင်မလာရဲအောင် စိတ်ဓါတ်ရေးရာစစ်ပွဲနဲ့ ဟန့်နေတာလည်း ပါပါတယ်။” 

(BNN) “ဒါပေမဲ့ အခုတော့ စစ်ရေးအကူအညီတွေ ပေးဖို့ ဂျာမဏီက သဘောတူထားတယ်မဟုတ်လား။”

(Mr. X) “ အမေရိကန်နဲ့ ဗြိတိန် ဖိအားပေးတာကို မလွန်ဆန်နိုင်သလို နိုင်ငံတကာ အခင်းအကျင်းအရ မဖြစ်မနေ လိုက်လုပ်ရတာလို့ပဲ ကျနော်က မြင်ပါတယ်။ အခုအနေအထားက ရုရှား-ယူကရိန်း မဟုတ်တော့ဘဲ ဒီမိုကရေစီဘက်က ရပ်မလား၊ အာဏာရှင်ဘက်က ရပ်မလား၊ ကျူးကျော်သူဘက်က ရပ်မလား၊ ကျုးကျော်ခံရသူဘက်က ရပ်မလားဆိုတဲ့အဆင့် ရောက်လာပြီဆိုတော့ ဂျာမဏီဟာ မကူလို့ မရတော့တဲ့ အနေအထားပါပဲ။”

(BNN) “ မြန်မာ့အရေးမှာ ဟိုလိုလို၊ ဒီလိုလို ရပ်တည်နေတဲ့ အိန္ဒိယထက်တော့ သာတယ်လို့ ပြောနိုင်တာပေါ့။”

(Mr. X) “ အများကြီး သာပါတယ်။ အိန္ဒိယမှာ လက်ရှိ အာဏာရပါတီနဲ့ နိုင်ငံခြားရေးမူဝါဒ ရေးဆွဲရေးသမားတွေ ရှိနေသရွေ့  ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုတာတွေအတွက် အကူအညီရဖို့ လမ်းမရှိသလို ခင်ဗျားတို့နိုင်ငံက ဒီမိုကရေစီတိုက်ပွဲအတွက် ဘာမှ မျှော်လင့်ထားလို့ မဖြစ်နိုင်ပါဘူး။ ရုရှားအပေါ် ပိတ်ဆို့ဖို့ နေနေသာသာ အခုထိ ကျူးကျော်စစ်ဆိုတဲ့ အသုံးအနှုန်းကို မသုံးရဲပါဘူး။ ရုရှားဆီက ရေနံတွေ စျေးပေါပေါနဲ့ အချောင်ရနေသရွေ့ အခုလိုပဲ ရပ်တည်နေမဲ့ နိုင်ငံကြီးပါ။ သူ့အနားက ကက်ရှ်မီးယားပြဿနာတို့၊ တရုတ်နယ်စပ်ပြဿနာတို့ကို သူနိုင်အောင် ထိန်းထားနိုင်သရွေ့ပေါ့။ မူဆလင်နိုင်ငံတွေနဲ့ ဆက်ဆံရေးမပျက်အောင် ထိန်းထားနိုင်သရွေ့ပေါ့လေ။ မထိန်းနိုင်တော့ဘူးဆိုရင်တော့ လက်ရှိ အိန္ဒိယအစိုးရ ရပ်တည်ချက်တွေ ချက်ချင်း ပြောင်းသွားပါလိမ့်မယ်။ မူဆလင်ကမ္ဘာနဲ့ တရုတ်အရေးမှာ အိန္ဒိယအစိုးရဟာ သူတဦးတည်း ဖြေရှင်းနိုင်တဲ့ အရည်အချင်း မရှိပါဘူး။ အဲဒီလောက်ပဲ ပြောချင်ပါတယ်။”

(BNN) “ ဟုတ်ကဲ့၊ ကျေးဇူးပါ။ ယူကရိန်းဘက်ပဲ ပြန်သွားချင်ပါတယ်။ အမေရိကန်က စစ်ရေးအရ ကူနေတာကို ဒေါ်လာဘီလျံချီနေပါပြီ။ ဘယ်လောက်အထိ ကူပြီး၊ ဘယ်တော့မှ ဒီစစ်ပွဲက ပြီးမယ်ထင်လဲ။”  

(Mr. X) “ စောစောက ပြောခဲ့သလို ရုရှားနဲ့ ယူကရိန်းတင် တိုက်နေတဲ့အဆင့် မဟုတ်သလို တခြားနိုင်ငံတွေက ကိုယ်ထိလက်ရောက် ဝင်တိုက်တဲ့အဆင့်လည်း မဟုတ်တဲ့အတွက် တနှစ်လောက်အထိ ကြာနိုင်မယ်လို့ ကျနော်ထင်ပါတယ်။”

(BNN) “ စစ်ပွဲက ဘယ်လို အဆုံးသတ်သွားမှာလဲ။”

(Mr. X) “ ရုရှား အရှုံးနဲ့ရင်ဆိုင်ပြီး စစ်ပွဲအဆုံးသတ်သွားမယ်လို့ ကျနော်ယုံကြည်ပါတယ်။”

(BNN) “ ဘာလို့ အဲဒီလို ပြောနိုင်တာလဲ။”

(Mr. X) “ စိတ်ခံစားချက်နဲ့ ပြောတာ မဟုတ်ပါဘူး။ မြေပြင်အချက်အလက်အရ ပြောတာပါ။ ကျနော် ဧပြီမှာ ယူကရိန်းကို ရောက်ခဲ့ပါတယ်။ ယူကရိန်းတပ်နဲ့ရော ပြည်သူတွေနဲ့ပါ တွေ့ခွင့်လည်းရခဲ့ပါတယ်။ Bucha မြို့ကိုလည်း ရောက်ပါတယ်။ ဘာသွားတွေ့လည်းဆိုတော့ သူတို့ဟာ သေလူတွေလို့ သတ်မှတ်ထားပြီး နောက်ဆုံးအထိ ခံချမယ်ဆိုတဲ့ စိတ်ကို ယတိပြတ် ချမှတ်ထားတာတွေ့ရတယ်။ ဘယ်သူကမှ ဝါဒဖြန့် စည်းရုံး တိုက်ခိုင်းနေတာ မဟုတ်ဘဲနဲ့ကို သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ကို ဖြစ်နေတာတွေ့ရတယ်။ မတရားဘူးဆိုတဲ့ စိတ်နဲ့ကို အဲဒီလို ဖြစ်နေကြတာ။ ပြောချင်တာက စိတ်ပိုင်းဆိုင်ရာမှာ အနိုင်ရနေပြီးသားလို့ ပြောချင်တာ။ 

“ နောက်တခုက နိုင်ငံတကာအသိုက်အဝန်းရဲ့ ထောက်ခံကူညီမှုကလည်း သူတို့ ထင်မှတ်မထားလောက်အောင်ကို ရနေတယ်။ အာဏာရှင်တွေ၊ မင်းဆိုးမင်းညစ်တွေက လွဲရင် အားလုံးက သူတို့ကို ထောက်ခံတယ်ဆိုတာ သူတို့ သိနေတယ်။ ပြောရရင် ထောက်ခံတဲ့နိုင်ငံတွေက ဆင်းရဲမွဲတေနေတဲ့ နိုင်ငံတွေ မဟုတ်ဘူး ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတွေဆိုတာလည်း သိထားတော့ သူတို့လုပ်ပြနိုင်သရွေ့ သူတို့ကို ကူညီနေမယ်ဆိုတာ ယုံကြည်ထားကြတာ တွေ့ရတယ်။ ဒီနေရာမှာ ကျနော် တခု ရှင်းပြချင်တယ် …”

(BNN) “ ဟုတ်ကဲ့၊ ပြောပြပါ။”

(Mr. X) “ ရုရှားက ဝင်တိုက်တော့မယ်ဆိုတာကို အမေရိကန်နဲ့ ဗြိတိန်က ကြိုသိပေမဲ့ ယူကရိန်းတွေက အခုလို ခုခံတိုက်ခိုက်လိမ့်မယ်ဆိုတာကိုတော့ ဘယ်သူကမှ ထင်မထားခဲ့တဲ့အချက်ပါ။ ရုရှားကိုယ်တိုင်လည်း ထင်မထားပါဘူး။ မှတ်မိမှာပါ။ စဝင်တိုက်စက ယူကရိန်းတပ်သားတွေ လက်နက်တွေစွန့်ပြီး အိမ်ပြန်ကြဖို့ ပူတင်က မိန့်ခွန်းတောင် ပြောခဲ့သေးတာ။ 

“ အပွင့်လင်းဆုံးပြောရရင် အမေရိကန်ကလည်း ယူကရိန်းအစိုးရကို ပိုလန်ကို ခေါ်ထုတ်ပြီး ပြည်ပရောက်အစိုးရ အနေနဲ့ ပြန်တိုက်ခိုင်းဖို့ပဲ စဥ်းစားခဲ့တာပါ။ ကိယက်ဗ်မြို့တော် ရက်ပိုင်းအတွင်း ကျတော့မယ်လို့ အမေရိကန်ကိုယ်တိုင် ပြောခဲ့တာပါ။ ယူကရိန်းအစိုးရကို အထူးလေယာဥ်တွေနဲ့ ခေါ်ထုတ်ဖို့အထိ အနောက်နိုင်ငံတွေက ပြင်ဆင်ထားခဲ့တာပါ။ အဲဒီမှာ သမ္မတ ဇလန်စကီးက ကိယက်မြို့တော်မှာပဲ အသေခံမယ်ဆိုပြီး အဲဒီအစီအစဥ်ကို ငြင်းခဲ့တယ်။ လေယာဥ်လွှတ်မယ်ဆိုရင် လက်နက်တွေပဲ တင်ပေးလိုက်ပါဆိုပြီး အကြောင်းပြန်ခဲ့တာ။”

(BNN) “ ဆိုလိုချင်တာက ဇလန်စကီးသာ အဲဒီ (အနောက်နိုင်ငံတွေရဲ့) အစီအစဥ်ကို လက်ခံရင် ရုရှားက ကိယက်ဗ်ကို အလွယ်တကူ သိမ်းပြီး ပွဲပြီးသွားနိုင်တယ်လို့ ပြောချင်တာလား။”

(Mr. X) “ သမ္မတ ဇလန်စကီးကိုလည်း ရုရှားအပါအဝင်  နိုင်ငံတကာက အများကြီး လျှော့တွက်ခဲ့တယ်လို့ ပြောရမယ်။ အနုပညာသမားကနေ သမ္မတဖြစ်လာသူဆိုတော့ ခက်ခဲတဲ့ အခြေအနေတွေကို ဦးဆောင်နိုင်မယ်လို့ ထင်မထားခဲ့ကြ တာလည်း ပါတယ်။ သူ့အတွင်းစိတ်ကို မသိတဲ့ မြေပြင်ထောက်လှမ်းရေးသတင်းတွေ မှားတာလည်း ပါပါတယ်။ ရုရှားရော နိုင်ငံတကာထောက်လှမ်းရေးသတင်း အားလုံးက တိုက်ပွဲစတာနဲ့ ရက်ပိုင်းအတွင်း ကိယက်ဗ် ကျမယ်လို့ တွက်ချက်ခဲ့ကြတာ။ 

“ လက်တွေ့မှာ ခင်ဗျားတို့သိတဲ့အတိုင်း ရုရှားတပ်တွေ အထိနာပြီး ဆုတ်ပြေးသွားရတာပါ။ အဲဒီကာလအထိ ယူကရိန်းဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဆီက စစ်ရေးအကူအညီ ပီပီပြင်ပြင် မရသေးပါဘူး။ အမေရိကန်နဲ့ ဗြိတိန်ရဲ့ ကောင်းကင် ထောက်လှမ်းရေးသတင်းတွေ ရတယ်။ တင့်ကားဖျက်ဒုံးကျည်တွေရတယ်။ လက်နက်ငယ် တချို့ ရတယ်။ ဒီလောက်ပါပဲ။ ကိယက်ဗ်ကနေ ရုရှားတပ်တွေ ထွက်ပြေးပြီးမှ အဆင့်မြင့်လက်နက်တွေ ပေးဖို့ဖြစ်လာတာပါ။ 

“ ဆီးနိတ်မှာ ကာကွယ်ရေးဝန်ကြီးနဲ့ အမတ်တွေအမေးအဖြေလုပ်ခဲ့တာ ခင်ဗျားကြည့်ဖြစ်မှာပါ။ လက်နက်တွေ စောစောစီးစီးကတည်းက ဘာလို့ အပြည့်အစုံ ပေးမထားတာလဲလို့ ဆီနိတ်တာတွေက မေးတော့ ကာကွယ်ရေးဝန်ကြီး က ဘာပြန်မေးလဲဆိုတော့ ‘ခင်ဗျားတို့ရော ဒီလိုဖြစ်လာမယ်လို့ ထင်ထားလို့လား’ ဆိုပြီး ဒေါနဲ့မောနဲ့ ပြန်ဖြေခဲ့တာကို မှတ်မိမှာပါ။ 

“ အမေရိကန်ဘက်က ကြည့်ရင် အာဖဂန်မှာလည်း ဘီလျံချီတဲ့ လက်နက်တွေ တပ်ဆင်ပေးထားတာပဲလေ။ တာလီဘန်တွေ တက်လာတော့ စစ်တပ်ကလည်း ခံမချဘူး။ သမ္မတကိုယ်တိုင်ကလည်း ထွက်ပြေးတယ်။ လေတပ်ကလည်း တာလီဘန်ကို ဗုံးမကြဲဘဲ လေယာဥ်တွေနဲ့ မိသားစုတွေ ခေါ်ပြီး အိမ်နီးချင်းနိုင်ငံတွေထဲ မောင်းဝင်ပြေးတယ်။ ယူကရိန်းမှာလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ရင် အမေရိကန်အစိုးရက ထပ်ဆင့် အရှက်ကွဲရသလို သမ္မတတောင် ရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်တာတွေ ဖြစ်လာနိုင်တာလေ။ သတိနဲ့ထားပြီး ကူပေးနေခဲ့ရတယ်ဆိုတာကို ပြောချင်တာပါ။ 

“ ယူကရိန်းတွေက တကယ်လည်း ခံချသလို အရင်က မတည့်ကြခဲ့တဲ့ သမ္မတ၊ အစိုးရ၊ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကလည်း ညီညီညွတ်ညွတ်နဲ့ ခံချဖို့ ဆုံးဖြတ်တယ်။ လက်တွေ့မှာ အဲဒီလိုတွေ မြင်ရချိန်ကျမှ လက်နက်ကြီးတွေ၊ တင့်ကားတွေ၊ လေယာဥ်ပစ်လက်နက်တွေ ပေးဖို့ ဖြစ်လာတာပါ။ ဒါတောင် လေယာဥ်မပျံသန်းရ သတ်မှတ်ဖို့ တောင်းဆိုတာတွေ၊ တိုက်လေယာဥ်တွေပေးဖို့ တောင်းဆိုတာတွေကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ငြင်းဆိုခဲ့တာ မှတ်မိမှာပါ။”

(BNN) “ အဲဒီကာလက အမေရိကန်နဲ့ အနောက်အုပ်စုကနေ လေယာဥ်မပျံသန်းရ သတ်မှတ်ရင် ရုရှားလေယာဥ်တွေကို သူတို့က ပစ်ချရမယ်ဆိုတော့ ရုရှားနဲ့ ထိပ်တိုက်တွေ့ပြီး တတိယကမ္ဘာစစ်ကြီး ဖြစ်လာမှာစိုးလို့၊ နျူကလီးယား စစ်ပွဲကြီး ဖြစ်လာမှာစိုးလို့ဆိုပြီး ပြောခဲ့ဖူးပါတယ်။ တာဝေးပစ်လက်နက်တွေကိုလည်း ရုရှားနယ်ထဲထိ ပစ်ခတ်မှာစိုးလို့ မပေးဘူးဆိုတာမျိုး ထပ်တလဲလဲ ပြောခဲ့ပါတယ်။ တဖက်မှာလည်း ရုရှားကို စီးပွါးရေးပိတ်ဆို့တာတွေ လုပ်တယ်။ ယူကရိန်းကို ငွေကြေးအရရော တခြားစစ်ရေးအရရော ကူညီပေးနေတယ်။ အဲလိုပေးနေတာလည်း ရုရှားက သိနေတာပဲ။ ဘာဖြစ်လို့ ရုရှားနဲ့ အနောက်အုပ်စု ထိပ်တိုက်မတွေ့ကြတာလဲ။”

(Mr. X) “ မေးခွန်းက နှစ်ပိုင်းဖြစ်နေတယ်လို့ မြင်တယ်။ ပထမပိုင်းကို ပြောရရင် စောစောက ကျနော်ပြောခဲ့သလို တဆင့်ချင်းကြည့်ပြီးမှ ပေးရတဲ့ အနေအထားဖြစ်တော့ နိုင်ငရေးဆင်ခြေတွေ ပေးကြရတာ သဘာဝပါပဲ။ ယူကရိန်းက NATO လည်း မဟုတ်ဘူး။ အီးယူလည်း မဟုတ်ဘူးဆိုတော့ ပိုပြီး နိုင်ငံရေးဆင်ခြေ ပေးလို့ရတဲ့ အနေအထားပါ။ ကျနော့်အမြင်အရကတော့ သတိထားပြီးကို တဆင့်ချင်း ပေးရတဲ့ အနေအထားပါ။ တိုက်ပွဲမစခင် ထွက်ပြေးတာမျိုးနဲ့ ကြုံရနိုင်သလို တိုက်ပွဲ အထွတ်အထိပ်ရောက်ချိန်၊ အကျအဆုံးများချိန်မျိုး၊ ဒါမှမဟုတ် တိုးမရ ဆုတ်မရ ဖြစ်နေချိန် တွေမှာ ငြိမ်းချမ်းရေးပွဲစား၊ ငြိမ်းချမ်းရေးစကားလုံးတွေက နေရာစုံက ပေါ်လာတတ်ပါတယ်။ ဆုံးဖြတ်ချက် ချနိုင်သူတွေကလည်း ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်ပြီး တိုက်နေတာကနေ ငြိမ်းချမ်းရေး လုပ်ကြမယ်ဆို တာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ 

“ စစ်ရေးအကူအညီ ပေးတယ်ဆိုတာက လွယ်လွယ်လေးနဲ့ ဆုံးဖြတ်လိုက်လို့ မရပါဘူး။ ဥပမာ၊ ခင်ဗျားကို ကျနော်က လက်နက်ကူဖို့ မဆုံးဖြတ်ခင်မှာ ခင်ဗျားက တကယ်ပဲ ကျနော့်လက်နက်ကို သုံးတတ်သလား၊ သုံးမှာလားဆိုတာ အရင်စဥ်းစားရပါတယ်။ လက်နက်ဆိုတာမျိုးက တိုက်ပွဲတစ်ပွဲစာတည်းတင် ကူလို့ရတာမဟုတ်တော့ ခင်ဗျားက ဘယ်လောက်အထိ တိုက်နိုင်မလဲ၊ ဘယ်တော့ အနိုင်ရနိုင်မလဲဆိုတာလည်း တွက်ရပါတယ်။ အခုဖြစ်တာက အစိုးရနဲ့ သူပုန်အဆင့် မဟုတ်ပါဘူး။ နိုင်ငံချင်း ဖြစ်တာဆိုတော့ ပိုတွက်ရပါတယ်။ ရုရှားလို အင်အားကြီးနိုင်ငံဆိုတော့ ပိုတွက်ချက်ရပါတယ်။ 

“ အချိန်ကြာနိုင်ရင် ကူမဲ့လက်နက်တွေနေရာမှာ ကိုယ့်နိုင်ငံနဲ့ မဟာမိတ်တွေ လုံခြုံရေးအတွက်လည်း ချက်ချင်း ပြန်အစားထိုး ဖြည့်နိုင်ဖို့လည်း စီစဥ်ရပါတယ်။ စစ်ရေးအသုံးစားရိတ်တွေ တွက်ရပါတယ်။ အကူအညီတွေ ပုံအောပြီး မှ တဖက်က ‘မတိုက်တော့ဘူး၊ ငြိမ်းချမ်းရေးပဲ လုပ်တော့မယ်’ ဆိုရင် ပြန်တောင်းလို့ ရတဲ့အရာတွေ မဟုတ်ပါဘူး။ ပြည်တွင်းနိုင်ငံရေးမှာ ဂယက်ရိုတ်ခတ်နိုင်ပါတယ်။ နည်းပညာတွေ အလကားပေးလိုက်ရသလို ဖြစ်သွားနိုင်သလို အကိုင်အတွယ် မတတ်ရင် လက်နက်တွေဟာ မှောင်ခိုစျေးကွက်ထဲကိုလည်း ရောက်သွားနိုင်ပါတယ်။ အာဖဂန်လို ဖြစ်မှာကိုလည်း အမေရိကန်က ကြောက်တာလည်း ပါပါတယ်။” 

(BNN) “ အခု ဟောင်၀စ်ဇာတွေပါ ပေးနေသလို တာဝေးပစ်လက်နက်တွေပါ ပေးမယ်ဆိုတော့ ယူကရိန်းကို ယုံကြည်သွားတဲ့သဘောလား။”

(Mr. X) “ မယုံကြည်လို့ကို မရတော့တဲ့ အနေအထားပါ။ တကယ်က ရုရှားက ဝင်မတိုင်ခင်က ယူကရိန်းအစိုးရအပေါ် ပြည်သူလူထု ယုံကြည်မှုက ထိုးကျနေချိန်ပါ။ ရုရှားလည်း ဝင်တိုက်ရော ယူကရိန်းလူထုရဲ့ ၉၈ ရာခိုင်နှုန်းက သူတို့အစိုးရကို ထောက်ခံကြတယ်။ အစိုးရအဖွဲ့ကို အတိုက်အခံ လုပ်နေသူတွေ အတိုက်အခံပါတီတွေက အစ ထောက်ခံကြတယ်။ နိုင်ငံကြီးတွေက ခေါ်ထုတ်ဖို့ စီစဥ်တာတောင် ယူကရိန်းအစိုးရက လက်မခံ ငြင်းဆန်ခဲ့ပြီး ရုရှားကို ခံချခဲ့တာပါ။ ကျနော့်အမြင်အရကတော့ ယူကရိန်း အနိုင်ရတဲ့အထိ ကူညီပေးကြဖို့ တာဝန်ရှိသွားပြီလို့ပဲ မြင်ပါတယ်။ အနိုင်ရသည်အထိ ပေးတာ မပေးတာကတော့ အိမ်ဖြူတော်သဘောပေါ့။ ဒီနေရာမှာလည်း အိမ်ဖြူတော်နိုင်ငံရေးအကြောင်း နဲနဲရှင်းပြချင်တယ် …”

(BNN) “ ကျေးဇူးတင်ပါတယ်။  အချိန်ရရင် ပြောပြပါ။”

(Mr. X) “ ဒီမိုကရေစီရဲ့ သဘောသဘာဝအတိုင်း အာဏာဟန်ချီညီ ထိန်းကြရတဲ့အထဲမှာ အိမ်ဖြူတော် အသိုက်အဝန်းလည်း ပါတာပေါ့။ အထူးသဖြင့်  အမေရိကန်အစိုးရတိုင်းမှာ အမျိုးသားလုံခြုံရေး အကြံပေးနဲ့ နိုင်ငံခြားရေးဝန်ကြီး ကြားမှာ ဟန်ချက်ထိန်းလေ့ရှိပါတယ်။ စစ်ရေးအရ ဝင်တိုက်တာပဲဖြစ်ဖြစ် ကူတာပဲဖြစ်ဖြစ် နောက်ဆုံး ဆုံးဖြတ်ကြတော့မဲ့ အဆင့်မှာ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေး အကြံပေးတို့ဟာ ထိပ်တိုက်တွေ့လေ့ရှိပါတယ်။ နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာအရေးကို နိုင်ငံတကာအမြင်နဲ့ ချဥ်းကပ်ပေမဲ့ အမျိုးသားလုံခြုံရေး အကြံပေးကတော့ နိုင်ငံတကာအရေးရော၊ ပြည်တွင်းရေးပါ ချဥ်းကပ်လေ့ရှိတဲ့ အခါကျတော့ နောက်ဆုံးအဆင့််တွေမှာ ငြင်းခုန်ရတာတွေ ရှိတတ်ပါတယ်။ 

“ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန် ကြီးတို့ရဲ့ လုံခြုံရေးဆွေးနွေးပွဲမှာ သူက အခရာပဲလေ။ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးက သမ္မတကို တိုက်ရိုက် အရေးပေါ် အစီရင်ခံလို့မရပေမဲ့ အမျိုးသားလုံခြုံရေး အကြံပေးကတော့ အချိန်မရွေး တွေ့လို့ရတယ်။ အချိန်မရွေး တင်ပြချင်တာ တင်ပြလို့ရတယ်ပေါ့။ ဝန်ကြီးတွေခန့်ဖို့ လွှတ်တော် အတည်ပြုချက် လိုပေမဲ့ လုံခြုံရေး အကြံပေးကို သမ္မတစိတ်ကြိုက် ခန့်လို့ရတယ်။ ဆိုလိုတာက အမေရိကန်သမ္မတဟာ သူ့ဝန်ကြီးတွေထက်  အမျိုးသားလုံခြုံရေး အကြံပေးနဲ့ ပိုနီးစပ်ပါတယ်။ 

“ ဝန်ကြီးတွေ နိုင်ငံတကာကို ကတိပေးထားတာတွေကို အမျိုးသားလုံခြုံရေး အကြံပေးက ပယ်ဖျက်ချနိုင်တဲ့အာဏာ ရှိတယ်။ အခု ယူကရိန်းမှာလည်း အဲလိုတွေ ရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ခင်ဗျား မှတ်မိမလား မသိဘူး။ ပိုလန်က တိုက်လေယာဥ်တွေကို ယူကရိန်းကို ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးက လူသိထင်ရှား သဘောတူ ပြောခဲ့တာ ခင်ဗျား မှတ်မိမလား မသိဘူး။ ရက်ပိုင်းမှာပဲ အဲဒီအစီအစဥ်ကို အိမ်ဖြူတော်က လက်မခံဘဲ ပယ်ချခဲ့တယ်။ ပိုလန်ကို ဒု-သမ္မတကိုယ်တိုင် သွားတောင်းပန်ခဲ့ရတာတွေ ရှိပါတယ်။”

(BNN) “ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးကြောင့် တိုက်လေယာဥ်တွေ မပေးဖြစ်တာလို့ ပြောချင်တာပေါ့။”

(Mr. X) “ ကျနော် ပြောချင်တာက အမျိုးသားလုံခြုံရေး အကြံပေးတွေရဲ့ အခန်းကဏ္ဍဟာ ကြီးမားတယ်ဆိုတာကိုပါ။ အရင်သမ္မတ ထရန့် သက်တမ်း ၄ နှစ်အတွင်းမှာ အကြံပေး ၆ ယောက် ပြောင်းတယ်။ အဲဒီလောက် အရေးကြီးတဲ့ ရာထူးနေရာမှာ အပြောင်းအလဲတွေ များလွန်းခဲ့တာဟာ ထရန့်ရဲ့ ကျဆုံးခန်း ဖြစ်သွားရတာပါ။ အခု သမ္မတကတော့ လက်ရှိ အကြံပေးကို ဆုပ်ကိုင်ထားမဲ့ပုံရှိပါတယ်။ အာဖဂန်မှာ ဖြစ်ပျက်ခဲ့တာတောင် သမ္မတဘိုင်ဒန်က သူ့ကို အပြစ်မပြောဘဲ ထောက်လှမ်းရေးသတင်းတွေကိုပဲ အပြစ်ဖို့ခဲ့တာ တွေ့ရတယ်။ 

“ ယူကရိန်းကို ပြန်ကြည့်ရင် ယူကရိန်းအစိုးရနဲ့ လုံခြုံရေးအကြံပေးတို့ ပြောဆိုဆွေးနွေးတယ်ဆိုတာဟာ အကြိမ်ရေ အတော်နည်းပါးနေတာ တွေ့ရမှာပါ။ မြေပြင်အခြေအနေနဲ့ ယူကရိန်းတွေရဲ့ ရင်ခုန်သံကို နိုင်ငံခြားရေးဝန်ကြီးတို့၊ ကာကွယ်ရေးဝန်ကြီးတို့ လောက် မသိဘူးလို့ ကျနော်က ဆိုလိုချင်တာပါ။”

……………………………………………………………………………………..

သမ္မတဘိုင်ဒန်၏ အမျိုးသားလုံခြုံရေး အကြံပေး (National Security Advisor) 

Jake Sullivan (Jacob Jeremiah Sullivan (အသက် ၄၆ နှစ်၊ ၁၉၇၆ နိုဝင်ဘာ ၂၈ ဖွား)

……………………………………………………………………………………..

ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေးများ၊ စစ်ဗိုလ်ချုပ် သုံးဦးနှင့် အရပ်သား သုံးဦး။

ပထမဆုံး Michael Thomas Flynn ၂၀၁၇ ဇန်နဝါရီ ၂၂ မှ ဖေဖော်ဝါရီ ၁၃ ထိ ၂၂ ရက် တာဝန်ယူပြီး နုတ်ထွက်။ (၁၉၅၈ ဖွား၊ ကြည်းတပ် ဗိုလ်ချုပ်)

ဒုတိယ Joseph Keith Kellogg Jr. ၂၀၁၇ ဖေဖော်ဝါရီ ၁၃ မှ ၂၀ ထိ တပတ်ကြာ ယာယီတာဝန်ယူ။

(၁၉၄၄ ဖွား၊ ကြည်းတပ် ဗိုလ်ချုပ် အငြိမ်းစား)

တတိယ Herbert Raymond McMaster ၂၀၁၇ ဖေဖော်ဝါရီမှ ၂၀၁၈ ဧပြီထိ။ (၁၉၆၂ ဖွား၊ ကြည်းတပ် ဗိုလ်ချုပ်)

စတုတ္ထ အကြံပေး John Robert Bolton ၂၀၁၈ ဧပြီမှ ၂၀၁၉ စက်တင်ဘာထိ။ ၁၉၄၈ ဖွား။

ပဥ္စမ Charles Martin Kupperman ၂၀၁၉ စက်တင်ဘာ ၁၀ မှ ၁၈ ထိ ၇ ရက် ယာယီတာဝန်ယူ။ ၁၉၅၀ ဖွား

Tags: Breaking NewsMrXRussiaSpring RevolutionUkrainewarနိုင်ငံတကာ
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

စစ်ရေး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင် 1, 2022
သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင်(၁) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး ကာ ဒဏ်ရာ ရရှိသူအများအပြား ရှိခဲ့ကြောင်းသိရသည်။ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူများအပါအဝင်...

Read more
by BNN Editor
0 Comments
ကျန်းမာရေး

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင် 1, 2022
ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့်  ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင်(၁)ရက် ကရင်ပြည်နယ် ဝေါလေဒေသရှိ ဥကရစ်ထစခန်းတိုက်ပွဲ သည် နှစ်ဘက် ထိတွေ့မှု ပြင်းထန်လျက်ရှိနေရာ ဒေသခံ ပြည်သူများ ထောင်နှင့်ချီ၍ စစ်ဘေးရှောင် နေရပြီး အရေးပေါ်လိုအပ်ချက်များစွာ ရှိနေကြောင်း Lay Kay Kaw Youth Network...

Read more
by BNN Editor
0 Comments
Interview

အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး

ဇူလိုင် 1, 2022
အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး

(ဒေါက်တာတင့်ဆွေ- နိုင်ငံရေး ဝေဖန်သုံးသပ်သူ) (၃၀/ ၆/၂၀၂၂) နေပြည်တော်ကိုရောက်နေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်အတွင်း လူသားချင်းစာနာမှုအကူအညီတွေပေးရေး သဘောတူချက်ရကောင်းရနိုင်ပေမယ့် အဲဒီအကူအညီတွေ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်နိုင်-မနိုင် မသေချာဘူးလို့ နိုင်ငံရေး ဝေဖန် သုံးသပ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။ ၃ ရက်ကြာခရီးစဉ်အဖြစ်...

Read more
by BNN Editor
0 Comments
Interview

ယောနယ်အပါဝင် တိုင်းဒေသကြီးတွေမှာပါ ABSDF က လှုပ်ရှားနေပါတယ်

ဇွန် 28, 2022
ယောနယ်အပါဝင် တိုင်းဒေသကြီးတွေမှာပါ ABSDF က လှုပ်ရှားနေပါတယ်

(ဦးမောင်မောင်- ABSDF ယောနယ်တာဝန်ခံ) (၂၈/ ၆/၂၀၂၂) ချင်း-မကွေးနယ်စပ် ယောဒေသက စစ်သင်တန်းဆင်းပွဲတင်မကပဲ အခြားဒေသတွေမှာလည်း ABSDF တပ်တွေရှိနေတယ်။ ဒေသခံ PDF တွေနဲ့ ပူးတွဲလှုပ်ရှားနေပါတယ်လို့ ABSDF ဗဟိုကော်မီတီဝင်တဦးဖြစ်သူ ဦးမောင်မောင်ကပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ အလုပ်ရှုပ်နေပြီး...

Read more
by BNN Editor
0 Comments
Load More
Next Post
ဒုက္ခသည်တွေအတွက် နိုင်ငံတကာအကူအညီ အရေးပေါ် လိုအပ်နေပါတယ်

ဒုက္ခသည်တွေအတွက် နိုင်ငံတကာအကူအညီ အရေးပေါ် လိုအပ်နေပါတယ်

မြန်မာစစ်တပ်ကို ထိရောက်တဲ့ဖိအားပေးနိုင်ဖို့ အာဆီယံအဖွဲ့ရဲ့ မူဝါဒအရင်ပြင်မှ ရမယ်

မြန်မာစစ်တပ်ကို ထိရောက်တဲ့ဖိအားပေးနိုင်ဖို့ အာဆီယံအဖွဲ့ရဲ့ မူဝါဒအရင်ပြင်မှ ရမယ်

ထိပ်တန်းသတင်းများ

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

16 နာရီ ago
80

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

15 နာရီ ago
30

လှည်းတန်းပေ ၅၀ လမ်း ရှိ စျေးဆိုင်ခန်းများ ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး ၊ စျေးသည်များကို ပါးရိုက်

2 ရက် ago
218

ဆောင်းပါး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်
စစ်ရေး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင် 1, 2022
30
ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့်  ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်
ကျန်းမာရေး

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင် 1, 2022
80
လှည်းတန်းပေ ၅၀ လမ်း ရှိ စျေးဆိုင်ခန်းများ ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး ၊ စျေးသည်များကို ပါးရိုက်
အပတ်စဉ် အစီအစဉ်များ

လှည်းတန်းပေ ၅၀ လမ်း ရှိ စျေးဆိုင်ခန်းများ ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး ၊ စျေးသည်များကို ပါးရိုက်

ဇူလိုင် 1, 2022
218
အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး
Interview

အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး

ဇူလိုင် 1, 2022
7

အဖတ်အများဆုံး

  • အမြန်လမ်း ၁၅၈ မိုင်တွင် တိုက်ပွဲ ဖြစ်ဟု သတင်းများထွက်ပေါ် – ၁၁၅ မိုင်မှစတင်၍ လမ်းများပိတ်ထား

    အမြန်လမ်း ၁၅၈ မိုင်တွင် တိုက်ပွဲ ဖြစ်ဟု သတင်းများထွက်ပေါ် – ၁၁၅ မိုင်မှစတင်၍ လမ်းများပိတ်ထား

    0 shares
    Share 0 Tweet 0
  • ရုရှားထောက်လှမ်းရေး FSB မှ ပေါက်ကြားလာသော စိတ်၀င်စားစရာ အတွင်းစကားများ

    0 shares
    Share 0 Tweet 0
  • စကစ ရဲ့ ခမရ ၄၁၄ စစ်ကြောင်းကို တောင်ကုန်းပေါ်ကနေ RPG နဲ့ လှမ်းထု(ရုပ်သံ)

    0 shares
    Share 0 Tweet 0
  • ရုရှား – ယူကရိန်း နောက်ဆက်တွဲ ထူးခြားသတင်းများ (28-2-2022)

    0 shares
    Share 0 Tweet 0
  • နျူကလီယားစစ်ပွဲကြီး မဖြစ်ဖို့ ကူညီပေးတဲ့ နိုင်ငံကြီးအဖြစ် ကမ္ဘာအလယ်မှာ ရပ်တည်မလား၊ လူတောမတိုးတော့ပဲ အထီးကျန်ပြိုကွဲရတဲ့ နိုင်ငံအဖြစ် ရပ်တည်မလား

    0 shares
    Share 0 Tweet 0
BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.