ရုရှားကနေ တူရကီကို ပျံသန်းပြေးဆွဲနေတဲ့ Pobeda ရုရှားအစိုးရပိုင်လေကြောင်းလိုင်း လေယာဥ်မှူးကြီးက မနေ့က တူရကီနိုင်ငံ Antalya လေဆိပ်အရောက်ခရီးသည်တွေ မဆင်းခင်မှာ ယူကရိန်းကိုတိုက်တာဟာ ရာဇ၀တ်မှုဖြစ်သလို စဥ်းစားတွေးခေါ်နိုင်တဲ့ရုရှားတိုင်း လက်ခံမှာ မဟုတ်သလို လေယာဥ်ပေါ်ပါလာတဲ့ခရီးသည်တွေလည်း သူနဲ့ အမြင်တူမယ်လို့ ယုံကြည်ကြောင်း ကြေညာပြောဆိုသွားပါတယ်။
သူ့ပြောပြချက်ဟာ လေကြောင်းလိုင်းအမြင်မဟုတ်ပဲ သူတဦးတည်းအမြင်လို့ ပြောသွားပါတယ်။ သူပြောပြနေတာကို ရိုက်ကူးထားတဲ့ ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့လာပြီး ရုရှားထောက်လှမ်းရေးက ဖမ်း၀ရမ်းထုတ်ထားကြောင်း ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။ တူရကီအစိုးရကတော့ သူတို့ ဘာမှ မသိရသေးကြောင်းပြောထားပြီး လေယာဥ်နဲ့ လေယာဥ်မှူးဟာ တူရကီမှာပဲရှိနေဆဲလို့ ပြောပါတယ်။